ရခိုင်မှရွာပေါင်း ၃၀ ကျော်တွင် မဲစာရင်းမကပ်နိုင်

ရခိုင်မြောက်ပိုင်းအတွင်းရှိ မြို့နယ် ၅မြို့နယ်မှ ကျေးရွာပေါင်း ၃၆ ရွာတွင် ဆန္ဒမဲပေးခွင့်ရှိသူများ၏ မဲစာရင်းများကို မကပ်နိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ကဆိုသည်။

08 Aug 2020

ခင်သရဖီဦး| DMG
သြဂုတ်၈၊ စစ်တွေ

ရခိုင်မြောက်ပိုင်းအတွင်းရှိ မြို့နယ် ၅မြို့နယ်မှ ကျေးရွာပေါင်း ၃၆ ရွာတွင် ဆန္ဒမဲပေးခွင့်ရှိသူများ၏ မဲစာရင်းများကို မကပ်နိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ကဆိုသည်။

ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်များရှိ ကျေးရွာအချို့တွင် လုံခြုံရေးအရ လူနေထိုင်မှုမရှိခြင်း၊ ကျေးရွာများပျက်စီးသွားခြင်းအပါအဝင် မဲစာရင်းများကို စောင့်ကြည့်သူများ မရှိတော့သည့်အတွက် မဲစာရင်းမကပ်နိုင်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကပြောသည်။

“မဲစာရင်းကပ်ထားတာကို တာဝန်ခံမယ့်လူမရှိဘူး။ အဲဒီတော့ မဲစာရင်းကို ဒီတိုင်းသွားကပ်လို့မရဘူး”ဟု ၎င်း က ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ)၏ သြဂုတ်လ ၄ ရက်နေ့အထိ စာရင်းအရ မဲစာရင်းတွင် နာမည်မပါရှိသဖြင့် လျှောက်ထားသူ ၃၀၅၆ ဦး၊ အမည်ထပ်ပါသည့်အတွက် ပယ်ဖျက်ပေးရန်လျှောက်ထားသူ ၁၂၇၆ ဦးနှင့် အမည်မှားယွင်းခြင်းကို ပြင်ဆင်ရန် လျှောက်ထားသူ ၃၄၆၈ ဦးရှိကြောင်း သိရသည်။

“စာရင်းအတိကျတော့ မသိသေးဘူးပေါ့။ ဒီလ ၄ ရက်နေ့ထိ စာရင်းပဲရှိသေးတယ်”ဟု ဒေါ်တင်လှိုင်က ပြောသည်။

ရခိုင်ပြည်နယ်၌ မဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး စာရင်းအရ သိရသည်။

လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်အဖြစ် မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့အထိ ကပ်ပေးထားမည်ဖြစ်ကာ  ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၁၄ ရက်နေ့ တွင် ထပ်မံ၍ ကြေညာပေးသွားမည်ဖြစ်သည်။

ဗီဒီယိုများ