ရခိုင်တွင် မဲရုံ ၂၅၉၆ ရုံ ရှိသည့်အနက် တပ်မဲရုံ ၆၈ ရုံပါဝင်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲရုံစုစုပေါင်း ၂၅၉၆ ရုံ ဖွင့်လှစ်ရန်စီစဉ်ထားပြီး ယင်းအထဲတွင် တပ်မဲရုံ ၆၈ ရုံပါဝင်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ သိရသည်။

11 Aug 2020

ခင်သရဖီဦး | DMG
သြဂုတ် ၁၁ ၊ စစ်တွေ

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲရုံစုစုပေါင်း ၂၅၉၆ ရုံ ဖွင့်လှစ်ရန်စီစဉ်ထားပြီး ယင်းအထဲတွင် တပ်မဲရုံ ၆၈ ရုံပါဝင်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ သိရသည်။

တပ်မဲရုံ ၆၈ ရုံတွင် ရဲတပ်ရင်း ၁၂ ရုံနှင့် တပ်ရင်းတပ်ဖွဲ့မဲရုံ ၅၆ ရုံတို့ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

တစ်ပြည်နယ်လုံးတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိကာ တပ်တွင်း မဲဆန္ဒရှင် စာရင်းများကို အတိအကျမသိနိုင်သေးကြောင်း ၎င်းကဆိုသည်။

“တပ်မိသားစု မဲဆန္ဒရှင်စာရင်းကတော့ ကျနော်တို့ သီးသန့်ကောက်ထားတာမရှိဘူး။ သူတို့က မဲစာရင်းတွေထဲမှာ ရောပြီးပါနေတော့ ဒါကတော့ ပြောဖို့ခက်တယ်”ဟု ဦးသူရိန်ထွဋ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တပ်မဲရုံများကို တပ်တွင်း၌သာထားရှိခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မဲရုံများကို တပ်ပြင်ပသို့ ထုတ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တချို့နေရာများတွင် လုံခြုံရေးအရ မထုတ်နိုင်သည့်မဲရုံများကို တပ်တွင်းမှာသာ ကျင်းပသွားမည်ဖြစ်ကြောင်း ဇူလိုင်လ (၂၃)ရက် နေ့က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်ပွဲတွင် ပြောဆိုထားသည်။

တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းရှိမြို့နယ် ၅ မြို့နယ်မှ ကျေးရွာပေါင်း ၃၆ ရွာတွင် ဆန္ဒမဲပေးခွင့်ရှိသူများ၏ မဲစာရင်းများကို မကပ်နိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

ရခိုင်ပြည်မြောက်ပိုင်းမှ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းလာရောက်ကြည့်ရှုသူ နည်းပါးနေပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းလျက်ရှိနေသည်။

ဗီဒီယိုများ