နိုင်ငံတကာအသိအမှတ်ပြု အစိုးရဖြစ်အောင် ကြိုးပမ်းနေဟု AA ပြော၊ နိုင်ငံတကာနှင့် တရားဝင်စကားပြောနိုင်သည့် အခြေအနေရောက်လျှင် မွတ်ဆလင်အရေး ဖြေရှင်းမည့်ကိစ္စ တရားဝင်ထုတ်ပြောမည်ဟုဆို

ရက္ခိုင့်တပ်တော်(AA)အနေဖြင့် နိုင်ငံတကာက အသိအမှတ်ပြုသည့် အစိုးရတစ်ရပ်ဖြစ်ရန် ကြိုးပမ်းနေကာ နိုင်ငံတကာနှင့် တရားဝင်စကားပြောနိုင်သည့် အခြေအနေကိုရောက်သည့်အခါတွင် မွတ်ဆလင်အရေးနှင့်ပတ်သက်၍ ဖြေရှင်းသွားမည့်မူဝါဒများကို တရားဝင်ထုတ်ပြောသွားမည်ဟု ဦးခိုင်သုခက ယနေ့(စက်တင်ဘာလ ၁၉ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

19 Sep 2022



DMG ၊ စက်တင်ဘာ ၁၉

ရက္ခိုင့်တပ်တော်(AA)အနေဖြင့် နိုင်ငံတကာက အသိအမှတ်ပြုသည့် အစိုးရတစ်ရပ်ဖြစ်ရန် ကြိုးပမ်းနေကာ နိုင်ငံတကာနှင့် တရားဝင်စကားပြောနိုင်သည့် အခြေအနေကိုရောက်သည့်အခါတွင် မွတ်ဆလင်အရေးနှင့်ပတ်သက်၍ ဖြေရှင်းသွားမည့်မူဝါဒများကို တရားဝင်ထုတ်ပြောသွားမည်ဟု ဦးခိုင်သုခက ယနေ့(စက်တင်ဘာလ ၁၉ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

“လက်ရှိအနေအထားက ULA/AA ဟာ နိုင်ငံတကာအသိအမှတ်ပြု အာရက္ခနိုင်ငံအစိုးရတစ်ရပ်ဖြစ်ဖို့ ကျနော်တို့ကြိုးစားနေတဲ့ ကာလဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ တရားဝင်စကားပြောနိုင်တဲ့အခြေအနေကို ရောက်တဲ့အခါ ကျနော်တို့ ULA/AA အနေနဲ့ ဒီကိစ္စ(မွတ်ဆလင်အရေး)နဲ့ပတ်သက်တဲ့ မူဝါဒကို ဘယ်လိုဖြေရှင်းသွားမယ်။ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ အိမ်းနီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုအခြေခံကနေ ကျနော်တို့ တရားဝင်ထုတ်ပြောသွားဖို့ရှိပါတယ်။ အခုက အချိန်နည်းနည်းစောပါသေးတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးခိုလှုံနေကြသည့် မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအပါအဝင် မွတ်ဆလင်အရေးနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂ(UN)နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)နှင့် အတူရပ်တည်ပေးရန်လိုအပ်ကြောင်းလည်း ဦးခိုင်သုခကဆိုသည်။

“ULA/ AA က ဒီပြဿနာ(မွတ်ဆလင်အရေး)ကို ဖြေရှင်းပေးရမယ်ဆိုရင် ဖြစ်သင့်တာက နံပါတ်တစ် နိုင်ငံတကာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ULA/AA ကို ဒီပြဿနာကိုဖြေရှင်းတဲ့နေရာမှာ Main Stakeholders(အဓိကသက်ဆိုင်သူများ) တစ်ခုအနေနဲ့ အသိအမှတ်ပြုဖို့လိုပါတယ်။ နံပါတ်နှစ်ကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UN အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကူညီထောက်ပံ့မှုအပြည့်အဝပေးပြီးတော့ ULA/AA နဲ့အတူ ရပ်တည်ပေးဖို့လိုတယ်”ဟု သူကဆိုသည်။

ဦးခိုင်သုခက ဆက်လက်ပြီး “အဲဒီလိုအခြေအနေတစ်ရပ်ကို ရောက်လာတဲ့နေ့မှာ ULA/AA ရဲ့ ဒုက္ခသည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးမူဝါဒကို ကျနော်တို့ တရားဝင်ထုတ်ဖော်ကြေညာပြီး တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးအခြေခံကနေ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်နိုင်တဲ့ နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ ဖြေရှင်းမှုပုံစံမျိုးနဲ့ ဖြေရှင်းသွားမယ်လို့ မျှော်မှန်းချက်ရှိတယ်”ဟု ပြောသည်။

နေရပ်စွန့်ခွာဒုက္ခသည်ပြဿနာသည် ရခိုင်ပြည်အပါအဝင် မြန်မာပြည်အနှံ့တွင် ကျယ်ကျယ်ပြန်ပြန့်ဖြစ်နေသည့် ပြဿနာဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ်အတွင်းက မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး၊ စစ်ဆင်ရေးများကြောင့် မောင်တောမြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်ကို အစုလိုက်အပြုံလိုက်ထွက်ပြေးသွားသည့် မွတ်ဆလင်များ နေရပ်ပြန်လာနိုင်ရေးပတ်သက်ပြီး ဒုက္ခရောက်နေသူအားလုံးကို ထပ်တူကိုယ်ချင်းစာကြောင်း ULA/AA ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်၊ မောင်တောဒေသတွင် ARSA အဖွဲ့သည် ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရာတွင် မွတ်ဆလင်(၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

ထိုသို့ ထွက်ပြေးသွားသော မွတ်ဆလင်များကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်ကလည်း ပြန်လည်လက်ခံရေးအတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

လက်ရှိတွင်လည်း စစ်ကောင်စီက မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် အရှိန်ဟုန်မြှင့်တင်ကာ ကြိုးပမ်းနေသည်ကိုတွေ့လာရပြီး မွတ်ဆလင်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြန်လည်လက်ခံရန်ပြင်ဆင်ထားကြောင်းနှင့် ကနဦးအနေဖြင့် မွတ်ဆလင် ၇၀၀ ကို ပြန်လည်ခေါ်ယူရန်စီစဉ်နေသည်ဟု ပြည်နယ်စစ်ကောင်စီမှ မီဒီယာများကို ဇူလိုင်လအတွင်းက ဖြေဆိုထားသည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် ကုလသမဂ္ဂ တို့နှင့်အတူ ကောင်းမွန်သင့်တော်သည့်အခြေအနေများ ဖန်းတီးရန်ကြိုးပမ်းနေကြောင်း သြဂုတ်လအတွင်းက ထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကြောင့် ပြည်တွင်းတွင် မငြိမ်သက်မှုများဖြစ်ပွားနေခြင်း၊ နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေခြင်း စသည့်အကြောင်းရင်းများကြောင့် မွတ်ဆလင်များသည် ပြန်လည်ဝင်ရောက်လာကြဦးမည်မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားကြသည်။

ဗီဒီယိုများ