စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးများတွင် လစဉ်သုံးပစ္စည်းများလိုအပ်နေ

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင်နေထိုင်နေသည့် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီးများက ပြောဆိုကြသည်။

By မျိုးသီရိကျော် 24 Jun 2020

မျိုးသီရိကျော် | DMG
ဇွန် ၂၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင်နေထိုင်နေသည့် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီးများက ပြောဆိုကြသည်။

စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ပစ္စည်းများတွင်လည်း စားနပ်ရိက္ခာများသာ အဓိကပါဝင်ပြီး အမျိုးသမီးများအတွက်လိုအပ်သည့် လစဉ်သုံးပစ္စည်းများ ပါဝင်မှုမရှိကြောင်း မြောက်ဦးမြို့နယ် ပီပင်ရင်း စစ်ဘေးရှောင်စခန်းမှ မသန်းခိုင်စိန်က ပြောသည်။

“လစဉ်သုံးပစ္စည်းတွေကျတော့ ချွေတာသုံးနေရတယ်။ နှစ်ခုသုံးမယ့်ဟာကို တစ်ခုတည်း သုံးပြီးနေရတယ်။ မရှိတဲ့အချိန်ကျရင် ဖြစ်သလိုမျိုးသုံးပြီး အိမ်ထဲမှာပဲနေရတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးများမှာ ရေချိုးရာတွင်လည်း အကာအကွယ်မရှိဘဲ ချိုးနေကြရကြောင်း မသန်းခိုင်စိန်က ဆိုသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းများအတွက် စားနပ်ရိက္ခာများကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့မှ လစဉ် ကူညီထောက်ပံ့မှုများ ရှိနေသည်။

စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများအတွက် လိုအပ်နေသည့် လစဉ်သုံးပစ္စည်းများကို အဆိုပါအဖွဲ့အစည်းများမှ ထောက်ပံ့ပေးရန်လည်း စစ်ဘေးရှောင်အမျိုးသမီးများမှ မျှော်လင့်နေကြသည်။

မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ဒေါ်မေသန်းနုက “စစ်ဘေးရှောင်စခန်းမှာ နေရတာ ဆိုတေ့ာ လုံခြုံရေးအတွက်ရော၊ ကျန်းမာရေးအတွက်ပါ စိုးရိမ်မှုတွေရှိတယ်။ ကျမတို့မှာ လစဉ်သုံး  ပစ္စည်းတွေ အတွက် ဝယ်စရာလည်းငွေလည်း မရှိတဲ့အတွက် ကျမတို့ကို လစဉ်အကူညီပေးစေချင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်ရှိနေသည်။ ယင်းအထဲတွင် အမျိုးသမီးဦးရေ ကိုးသောင်းကျော်ခန့် ပါဝင်ကြောင်း စစ်ဘေးရှောင်စာရင်းများကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

ထို့ပြင် ကူညီကယ်ဆယ်ရေးပေးနေသည့်အဖွဲ့များ ရောက်ရှိလာသည့်အခါ စခန်းတာဝန်ရှိသူများအနေဖြင့် စခန်းအတွင်းနေထိုင်သည့် အမျိုးသမီးများအတွက် လိုအပ်သည့် လုံခြုံရေး၊ ကျန်းမာရေးပစ္စည်းများ စသည်တို့ကိုပါ ပြောပြသင့်ကြောင်း (REC)အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ထောက်ပြသည်။

“အမျိုးသမီးတွေအတွက် စိတ်မချရတဲ့ အခြေအနေဖြစ်နေတယ်။ ကိစ္စတစ်ခုခု ဖြစ်မယ်ဆိုရင်လည်း ဖြစ်သွားနိုင်တဲ့ အခြေအနေလည်း တွေ့နေရတယ်။ စခန်းတာဝန်ခံတွေအနေနဲ့လည်း လိုအပ်တာတွေ ထည့်သွင်းပြီး တင်ပြပေးဖို့လိုတယ်” ဟု ဦးဇော်ဇော်ထွန်းကဆိုသည်။

အလားတူ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများမှာ ကလေးမွေးဖွားနိုင်ရန်နှင့် လုံခြုံစိတ်ချ ဂုဏ်သိက္ခာရှိစွာ နေထိုင်ရန်အတွက် နေရာများလိုအပ်နေကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဝံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။

ဗီဒီယိုများ