အနောက်စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးတစ်ဦးကို စစ်တပ်ဖမ်းဆီး၊စစ်တွေမြို့တွင် ဖမ်းဆီးခံရသူ ၂၀ ဦးခန့်ရှိလာ

စစ်တွေမြို့တွင် စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးနှင့်တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက်တွင် အရပ်သားများကို သံသယဖြင့် ဖမ်းဆီးမှုပိုမိုရှိလာပြီး အနောက်စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စုစုပေါင်း ၂၀ ဦးခန့်ဖမ်းဆီး ခံထားရသည်ဟု ဒေသခံများထံက သိရသည်။

25 Jun 2022

စစ်တွေမြို့ရှိ ရဲစခန်းတစ်ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ-DMG)

DMG၊ ဇွန် ၂၅

စစ်တွေမြို့တွင် စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးနှင့်တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက်တွင် အရပ်သားများကို သံသယဖြင့် ဖမ်းဆီးမှုပိုမိုရှိလာပြီး အနောက်စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စုစုပေါင်း ၂၀ ဦးခန့်ဖမ်းဆီး ခံထားရသည်ဟု ဒေသခံများထံက သိရသည်။

စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်က မြန်မာစစ်တပ်မှ ဗိုလ်ကြီးတစ်ဦးနှင့်တပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးသွားသည်။ယင်းနောက်ပိုင်း မြန်မာစစ်တပ်သည် မင်းဂံ၊ဆတ်ရိုးကျ၊ဆင်ကူးလမ်း၊ကန်တော်ကြီး စသည့်  ရပ်ကွက်အသီးသီးမှ ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးသွားကြောင်း DMG က ယမန်နေ့က ရေးသားပြီးဖြစ်သည်။

DMG က ဆက်လက်စုံစမ်းမှုအရ ဇွန်လ ၂၄ ရက်နေ့၊နံနက်ပိုင်းက အနောက်စံပြရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖိုးစိန် ( ၅၀ နှစ်) ၊ ရာအိမ်မှူး ဦးဘဟန်( ၆၅ နှစ်)နှင့် အခြားရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးစံသိန်း(၅၈ နှစ်)တို့ကို မြန်မာစစ် တပ်က ဖမ်းဆီးပြီး အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားသည်။ထို့နောက် ဦးစံသိန်းကို ပြန်လည်လွှတ်ပေး လိုက်သည်ဟု သိရသည်။

“ရာအိမ်မှုး(ဦးစံသိန်း)ကို မနက်စောစောခေါ်သွားတယ်။ ညနေ ၅နာရီလောက် ထမင်းဂျိုင့်ပို့ဖို့သွားတော့  ရပြီတဲ့။ ပြန်လွှတ်လိုက်တယ်။ ရာအိမ်မှုးကို ၁၀ရက်လောက် ကိုယ့်အိမ်မှာနေရမယ်တဲ့။ အပြင်မသွားရဘူး။ သူတို့ခေါ်တဲ့ အချိန်လာရမယ်တဲ့  “ ဟု ဦးစံသိန်းနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ထို့ပြင် ကျေးပင်ကြီးရပ်ကွက်၊ ရွှေပြည်အေးတည်းခိုခန်းတွင် နေထိုင်သူသုံးဦးကိုလည်း ယမန်နေ့က ဖမ်းခေါ်သွား သည်ဟု အနီးအနားပတ်ဝန်းကျင်ရှိဒေသခံများကပြောသည်။သို့သော် ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်းအတိ အကျမသိရှိရသေးသကဲ့သို့ ယင်းတည်းခိုခန်းကိုလည်း ပိတ်ထားသဖြင့် အသေးစိတ်အခြေအနေကို မသိရှိရသေး ပေ။

ထို့ကြောင့် စစ်တွေမြို့တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံရမှုဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူ အရပ်သား (၂၀) ဦးခန့်အထိရှိလာပြီဖြစ်သည်။ထိုသို့ ဖမ်းဆီးခံနေရမှုတွင် အသက်မပြည့်သေးသော လူငယ်များလည်းပါဝင် နေသည်။မင်းဂံရပ်ကွက်၊အကွက် ( ၉ )တွင် ဖမ်းဆီးခံရသည့် ၇ ဦးအနက် အသက် ၁၃ နှစ်အရွယ် ညီညီ ဆိုသည့် လူငယ်တစ်ဦးလည်းပါဝင်သည်ဟု မိသားစုဝင်များက DMG ကိုပြောသည်။

၎င်းသည် အိမ်အနီးအနားရှိ ရေသန့်ဘူးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ညပိုင်းအလုပ်လုပ်ရ၍ ကွမ်း ယာ သွားဝယ်ရန် စက်ရုံပြင်ပသို့ထွက်သွားစဉ် မြန်မာစစ်တပ်က ဖမ်းဆီးသွားခြင်းဟု အဘွားဖြစ်သူက ဆိုသည်။

“ကျမတို့ဖမ်းတာ မြင်လို့ သူတို့ဆီ သွားပြီးတောင်းပန်ခဲ့သေးတယ်။ ကျမမြေးလေးကမိဘလည်းမရှိဘူး။  ဘိုးဘွားတွေကို လုပ်ကျွေးနေတာပါ။အသက်လည်းမပြည့်သေးဘူး။ မဖမ်းပါနဲ့ဆိုပြီး သွားပြောခဲ့သေးတယ်။ အဲတော့ တစ်ယောက်ကအန်တီတို့လည်းဒီနားမှာ သိပ်မနေပါနဲ့ ။ အန်တီတို့ပါ အဖမ်းခံရပါလိမ့်မယ်။ ပြန်သွား ကြ။ သူ့ကို စစ်ဆေးပြီး အပြစ်မရှိဘူးဆိုရင် ပြန်လွတ်လာလိမ့်မယ် လို့ပြောပါတယ်။ အခုသူနဲ့တော့ ကျမတို့နဲ့ အဆက်အသွယ်မရပါဘူး။ ကျမတို့ကလည်းဆင်းရဲပင်ပန်းတော့သူတို့ကိုထိုးမဖောက်နိုင်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ယခုလအတွင်းတွင် ပုဏ္ဏားကျွန်း၊မြောက်ဦး၊ကျောက်တော်မြို့တို့မှ မြန်မာစစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၁၄ ဦးတို့ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးသွားပြီး မြန်မာစစ်တပ်ဘက်ကလည်း အဆိုပါမြို့နယ်များမှ ဒေသခံ ၇၀ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ဗီဒီယိုများ