လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကယားပြည်နယ်မှ စစ်ဘေးရှောင် နှစ်သောင်းကျော် ဘေးလွတ်ရာသို့တိမ်းရှောင်ရ

ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် လွိုင်ကော်၊ ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှဒေသခံများမှာ နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ခဲ့ကြသည်။

14 Jan 2022

ကရင်နီစစ်ဘေးရှောင်များ ကယားပြည်နယ် လွိုင်ကော်မှ ရှမ်းပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြစဉ်

DMG ၊ ဇန်နဝါရီ ၁၄

ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် လွိုင်ကော်၊ ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှဒေသခံများမှာ နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ခဲ့ကြသည်။

သို့သော် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များရှိရာနေရာများသို့ ကျရောက်လာသဖြင့် စစ်ဘေးရှောင်နှစ်သောင်းကျော်ခန့်မှာ ထိုင်းနယ်စပ်နှင့် ရှမ်းပြည်နယ်တို့အထိ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်နီစစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှ သိရသည်။

“ကရင်နီကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်တာက နှစ်ရက်၊ သုံးရက်ပေါ့။ တိုက်ပွဲပြင်းထန်လာမှုကနေ စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် နေထိုင်လို့ အဆင်မပြေတော့ဘူး။ အဲဒါကြောင့် စခန်းပြောင်းကြရတယ်။ တချို့ဆို ရှမ်းပြည်နယ်တွေအထိ ရောက်တဲ့သူလဲရှိတယ်။ တချို့က ထိုင်းနယ်စပ်ဒေသအထိ တိမ်းရှောင်ခဲ့ရပါတယ်”ဟု ကရင်နီစစ်ဘေးရှောင် ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။

လွိုင်ကော်မြို့နယ် မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်းကန်ကျေးရွာအပါအဝင် ဒီမော့ဆိုနှင့် ဖရူဆိုတို့၌ ဇန်နဝါရီ ၆ ရက်နေ့မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံပြည်သူ (၆)ဦးသေဆုံးခဲ့ကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးသင့်မှုကြောင့် နေအိမ် ၂၂ လုံးကျော်အပါအဝင် ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည်။

လက်ရှိစစ်ဘေးရှောင်တိမ်းနေရသူများမှာ လုံခြုံစွာနေထိုင်ရန်နေရာ၊ သောက်သုံးရေနှင့် ရာသီဥတု အအေးဒဏ်ကိုခံနိုင်ရန် အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း KNDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။

“ပထမဦးစားပေးအနေနဲ့ လုံခြုံစွာအခြေချနေထိုင်ဖို့ပေါ့နော်။ နောက်တစ်ချက်က ရာသီဥတုဒဏ်ခံနိုင်ဖို့အတွက် အဝတ်အစားတွေကအစ အစားအသောက်အထိလိုအပ်နေပါတယ်။ နောက်ပြီး သောက်သုံးရေကိစ္စ အလုံံအလောက်မရရှိတဲ့ကိစ္စပေါ့နော်။ အဲဒါတွေက အဓိကအလိုအပ်ဆုံးအရာတွေဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

လွိုင်ကော်မြို့တွင် လက်ရှိအချိန်အထိတိုက်ပွဲပြင်းထန်နေမှုကြောင့် ကရင်နီဒေသခံအများစုမှာ ကယားပြည်နယ် ဖယ်ခုံနှင့် ရှမ်းပြည်နယ် ပင်လောင်း၊ အောင်ပန်း၊ ဆီဆိုင်နှင့် တောင်ကြီးတို့အထိ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ထိုသို့ ဒေသခံများစစ်ဘေးတိမ်းရှောင်ရန်ကြိုးပမ်းရာတွင် လမ်းတစ်လျှောက်၌ စစ်ကောင်စီတပ်များမှ စစ်ဆေးမှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာများမှဒေသခံများကို မြို့ပြင်သို့မထွက်ရန်အတွက် စေခိုင်းမှုများရှိနေကြောင်း ဒေသခံပရဟိတအသင်းဝင်တစ်ဦးမှ ဆိုသည်။

“တိုက်ပွဲကအပြင်းအထန်ဖြစ်ပွားခဲ့ပေမဲ့ တချို့က မြို့ထဲမှာပိတ်မိနေတာရှိပါတယ်။ တိမ်းရှောင်ဖို့ကြိုးစားတဲ့ သူတွေကလည်း စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေရှိခဲ့တာတို့၊ သေနတ်ဖောက် ပစ်ခတ်ခံရတာတို့ပေါ့။ အဲတာတွေအထိရှိတဲ့အတွက် ထိန့်လန့်မှုတွေတော့ရှိနေပါတယ်”ဟု ၎င်းမှဆိုသည်။

ရှမ်းပြည်နယ်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီစစ်ဘေးရှောင်ဦးရေ ၃၀၀ ကျော်ကို နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ခိုလှုံခွင့်ပြုထားကြောင်း ကရင်နီဒေသခံကူညီရေးအဖွဲ့ဝင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်တွင်လည်း လွိုင်ကော်မြို့အနီးအနားသို့ စစ်ကောင်စီတပ်များမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံများမှာ မြို့အတွင်းမှ ထပ်မံထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့သည်။

ဗီဒီယိုများ