ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်လာနိုင်ခြေနည်းကြောင်း သုံးသပ်ပြောဆိုကြ

ရခိုင်ပြည်နယ်တွင် တပ်မတော်မှ အင်အားတိုးချဲ့မှုများရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယင်းသို့ တပ်အင်အားပြန်လည်ဖြည့်တင်းနေသည်မှာ နိုင်ငံတကာအရေးကိစ္စများကြောင့်သာဖြစ်နိုင်ပြီး တိုက်ပွဲပြန်လည် ဖြစ်လာနိုင်ခြေနည်းသည်ဟု သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့က သုံးသပ်သည်။

06 Apr 2021

ဓါတ်ပုံ - ရက္ခိုင့်တပ်တော်

DMG ၊ ဧပြီ ၆

ရခိုင်ပြည်နယ်တွင် တပ်မတော်မှ အင်အားတိုးချဲ့မှုများရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယင်းသို့ တပ်အင်အားပြန်လည်ဖြည့်တင်းနေသည်မှာ နိုင်ငံတကာအရေးကိစ္စများကြောင့်သာဖြစ်နိုင်ပြီး တိုက်ပွဲပြန်လည် ဖြစ်လာနိုင်ခြေနည်းသည်ဟု သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့က သုံးသပ်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA၊ AA၊ MNDAA တို့၏ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲခြင်းကိစ္စကို ပြန်လည်းသုံးသပ်မည်ဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် တိုင်းရင်းသားများအပေါ်တွင် တပ်မတော်အနေဖြင့် အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင် နေမည်ဆိုလျှင် ယင်းတိုင်းရင်းသားများနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ရခိုင်ပြည်နယ်တွင် တပ်မတော်မှ တပ်အင်းအားတိုးချဲ့ချထားခြင်းများကို ပြုလုပ် နေကြောင်း ပြည်တွင်းသတင်းမီဒီယာတချို့တွင် ဖော်ပြခဲ့ကြသည်။

တပ်မတော်မှ တပ်အင်အားတိုးချဲ့ချထားခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်းရေးကိစ္စတစ်ခုတည်းကို ကြည့်၍ မရကြောင်း သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ အမှူဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

“ရခိုင်ပြည်နယ်က နိုင်ငံတကာအရေးကိစ္စတွေလည်း ရှိနေတယ်။ ဒါကြောင့်ဖြစ်နိုင်တယ်လို့ ယူဆတယ်ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလာဒေရှ့်နဲ့ကလည်း အရင်ကလောက် ထင်သလောက်ဆက်ဆံရေးမကောင်းတဲ့ အနေအထားမျိုးကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီးလည်း တင်းမာမှုတွေရှိနေတော့ တပ်အင်းအားချမယ် ဆိုရင်လည်း ဒါ့ကြောင့်ချတာဖြစ်နိုင်မယ်ပေါ့နော်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် ရခိုင်မှနေရာတစ်ချို့၌ စစ်ဆေးမှုအချို့ရှိသော်လည်း ယခင်ကဲ့သို့ အသေး စိတ်စစ်ဆေးမှုမဟုတ်ဘဲ ပြည်ပမှဝင်လာသည့်ကားများကို စစ်ဆေးမှုတချို့ရှိသလို တပ်မတော်မှ တိုက်ပွဲ ဖော်ဆောင်ရန်ပြင်ဆင်နေသည့် အနေအထားမဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီပြောရေးဆိုခွင့်ရှိသူ ဦးဖေသန်းက ပြောသည်။

“သူတို့အနေနဲ့ တိုက်ပွဲတစ်ခုအတွက်ပြင်ဆင်နေတဲ့ အနေအထားတော့မတွေ့ရပါဘူး။ သူတို့မှာလည်း တပ်အပြောင်းအလဲဆိုတော့ ထွက်လိုက်၊ဝင်လိုက်ဆိုတော့ သိပ်ပြီးတော့လည်းမသိနိုင်ဘူး။ ဒါပေမယ့် အများကြီး အင်အားတိုးလာတာတော့မတွေ့ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေး၊ မိုင်းရှင်းလင်းရေးကိစ္စများအား တပ်မတော် အနေဖြင့် လုပ်ဆောင်နေသည်ကိုတွေ့ရသဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းလာနိုင်သည့်အလားအလာ ရှိကြောင်း ဒေါက်တာနိုင်ဆွေဦးကဆိုသည်။

“ကျနော်ထင်တာပေါ့၊ ပြန်ပြီးဖြစ်လာဖို့ကလည်း ရာခိုင်နှုန်းနည်းတယ်လို့ကျနော်မြင်တယ်။ ဆိုတော့ ဘာပဲ ပြောပြော စစ်တိုက်တယ်ဆိုတာကတော့ ပန်းနဲ့ပေါက်နေတာမဟုတ်တဲ့အတွက် သေကြေးပျက်စီးတာတော့ ရှိမှာပါပဲ။ ကြားထဲကပြည်သူတွေကလည်း ထိခိုက်ဒဏ်ရာရတာတွေဖြစ်မှာပေါ့။ ဒါကစစ်ပွဲအနိဋ္ဌာရုံဖြစ်တယ်။ ဒါပေမယ့် မဖြစ်ဖို့ရာခိုင်နှုန်းများတယ်လို့ကျနော်ထင်ပါတယ်” ဟု ဆိုသည်။

ရခိုင်တွင် တိုက်ပွဲများတကျော့ပြန်ဖြစ်ပွားလာပါက နေရပ်ပြန်သွားသည့်စစ်ဘေးရှောင်များ စစ်ဘေးရှောင်စခန်း များသို့ ပြန်လည်ရောက်လာနိုင်ပြီး လက်ရှိအခြေအနေထက် စားဝတ်နေရေးများ ပိုမိုဆိုးဝါးလာနိုင်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ရခိုင်ပြည်) ၏ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုသည်။

“တိုက်ပွဲပြန်ဖြစ်လာမယ့်ဆိုရင် နေရပ်ပြန်စစ်ဘေးရှောင်တွေလည်း စစ်ဘေးရှောင်စခန်းတွေဆီ ပြန်ရောက် လာနိုင်တယ်။ စစ်ဘေးရှောင်တွေမှာ အခက်အခဲတွေများလာမယ်။ စစ်ဘေးရှောင်ဒုက္ခသည် ပိုများလာ နိုင်တယ်။ လက်ရှိအစိုးအပေါ်မှာလည်း ယုံကြည်မှုတွေပျက်ပြားလာမယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ၂ နှစ်ခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစတင်ကာ တိုက်ပွဲများရပ်တန့်နေသည်မှာ ၅ လခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း စစ်ဘေးရှောင် နှစ်သိန်းကျော်အထိရှိခဲ့ကာ လက်ရှိတွင် စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွားကြသဖြင့် စစ်ဘေးရှောင်တစ်သိန်းသုံးသောင်းရှစ်ရာကျော်ခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏စာရင်းအရ သိရသည်။

ဗီဒီယိုများ