လိုအပ်လျှင် ရခိုင်တွင် စစ်မျက်နှာများ တိုးချဲ့ဖွင့်လှစ်မည်ဟု AA သတိပေး

“အရင်တုန်းကဆိုရင် ကျနော်တို့ အမ်းမြို့နယ်တို့မှာ စစ်ရေးဖော်ဆောင်တာမရှိ။ ခုတော့ လိုအပ်လို့ ကျနော်တို့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်လာတယ်။ နောက်ပိုင်းမှာလည်း သူတို့ဘက်က ထိုးစစ်တွေ ဆက်လို့ လုပ်နေရင် တခြားနေရာတွေမှာလည်း၊ သူတို့က ချေမှုန်းဖို့ကြိုးစားရင် ကျနော်တို့ကလည်း တန်ပြန်ဖို့ ကြိုးစားရမယ်လေ။ ဒါက သဘာဝပဲ။ ဒါကြောင့် စစ်မျက်နှာအသစ်တွေကိုလည်း လိုအပ်ရင် ဖွင့်သွားမယ်”

23 Jul 2019

ဓာတ်ပုံ - Arakan Army

ဖဒူ ထွန်းအောင်|DMG

ဇူလိုင် ၂၃၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာပြီးနောက် လိုအပ်လျှင် လိုအပ်သလို စစ်မျက်နှာများတိုးခဲျ့ဖွင့်လှစ်သွားမည်ဟု AA ဘက်က သတိပေးလိုက်သည်။

မြန်မာ့တပ်မတော်အနေဖြင့် AA ကို ချေမှုန်းရန်အတွက် ထိုးစစ်များကို တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားလုပ်ဆောင်နေသောကြောင့် ပြန်လည်ခုခံရန်အတွက် လိုအပ်လျှင် စစ်မျက်နှာအသစ် ဖွင့်လှစ်သွားမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဆိုသည်။

“အရင်တုန်းကဆိုရင် ကျနော်တို့ အမ်းမြို့နယ်တို့မှာ စစ်ရေးဖော်ဆောင်တာမရှိ။ ခုတော့ လိုအပ်လို့ ကျနော်တို့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်လာတယ်။ နောက်ပိုင်းမှာလည်း သူတို့ဘက်က ထိုးစစ်တွေ ဆက်လို့ လုပ်နေရင် တခြားနေရာတွေမှာလည်း၊ သူတို့က ချေမှုန်းဖို့ကြိုးစားရင် ကျနော်တို့ကလည်း တန်ပြန်ဖို့ ကြိုးစားရမယ်လေ။ ဒါက သဘာဝပဲ။ ဒါကြောင့် စစ်မျက်နှာအသစ်တွေကိုလည်း လိုအပ်ရင် ဖွင့်သွားမယ်”ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ပေါက်တူးတောင်ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်၏ စစ်သင်္ဘော (၂) စီးအား AA က တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲသည် မြေပုံမြို့နယ်တွင် တပ်မတော်နှင့်AA တို့ ပထမဆုံးအကြိမ် ဖြစ်ပွားသော တိုက်ပွဲဖြစ်သည်။

AA အနေဖြင့် စစ်မျက်နှာအသစ် ဖွင့်မည်ဆိုလျှင် အခြေအနေများ ပိုမိုရှုပ်ထွေးသွားလိမ့်မည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက တုန့်ပြန်သည်။

“ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာနေတယ်ဆိုတာ AA ရဲ့အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ကျနော်တို့က အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးလုပ်နေတဲ့ သဘောပါပဲ ” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

AA အနေဖြင့် မြန်မာ့တပ်မတော်၏ တစ်ဖက်သတ် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ခုခံကာကွယ် နေရသော်လည်း နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် မဟာမိတ် ညီနောင်အဖွဲ့အစည်းများနှင့်အတူ တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အလားတူ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အရေးတကြီး လိုအပ်လျက်ရှိသော မိမိတို့နှင့် မြန်မာ့တပ်မတော်တို့ အကြားတွင် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုဆိုင်ရာ ကိစ္စရပ်များကို ကချင်၊ ကိုးကန့်၊ တအန်း အဖွဲ့အစည်းများနှင့်တကွ ဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်တွင်လည်း ယခုကိစ္စရပ်များ အထမြောက် အောင်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်ဟု AA က ဇူလိုင်လ ၁၈ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော် (AA) တည်ရှိမှုကို ကချင်ပြည်နယ်၊ လိုင်ဇာတွင်သာ အသိအမှတ်ပြုထား သည်။ ထို့အပြင် အစိုးရဘက်ကလည်း ရခိုင်ပြည်နယ်ကို အဖြူရောင်နယ်မြေဟု သတ်မှတ်ထားပြီး လက်နက်ကိုင်အဖွဲ့များ အခြေချရန် ကြိုးစားသည့်အတွက် အစိုးရဘက်က ထိုက်သင့်သည့် လုံခြုံရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း အစိုးရဘက်က ပြောဆိုထားသည်။

AA ဘက်ကလည်း ရခိုင်ပြည်နယ်တွင် အခြေချမည်ဟု အခိုင်အမာ ပြောဆိုထားသည်။ ထိုသို့ကွဲလွဲမှုများ ရှိနေသောကြောင့် အစိုးရနှင့် AA အကြား ပဏာမ အပစ် အခတ်ရပ်စဲရေး (Bilateral)ချုပ်ဆိုနိုင် ရေးကြိုးပမ်းမှုမှာ အခက်အခဲများရှိနေသည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက DMG ကိုပြောဆိုထားသည်။

 

 

ဗီဒီယိုများ