COVID-19 ကို မပေါ့ဆကြရန် ပြည်နယ်ကျန်းမာရေးဌာန သတိပေး

ပြည်သူများအနေဖြင့် COVID -19 ကို မပေါ့ဆကြရန် ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က သတိပေးပြောဆိုလိုက်သည်။

20 Jun 2021

DMG | ဇွန် ၂၀

ပြည်သူများအနေဖြင့် COVID -19 ကို မပေါ့ဆကြရန် ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က သတိပေးပြောဆိုလိုက်သည်။

ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လူငါးဆယ်ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ ပြန်လည်ရုပ်သိမ်းထားခြင်းမရှိသေးသည့်အတွက် ထိုအခြင်းအရာများကိုလည်း သတိပြုရန်လိုအပ်ကြောင်း သူကဆိုသည်။

“ဒီအရာတွေက အမြဲတမ်း သတိနဲ့ ဆောင်ရွက်နေရမယ့် အရာတွေဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ Task Book မှာဆိုရင် ဒါတွေကို အချင်းချင်း သတိပေးဖို့အချက်တွေပါပါတယ်။ ဒါတွေကို လိုက်နာဖို့လိုပါတယ်။ ကိုဗစ်ကို ပေါ့ဆလို့ မရပါဘူး” ဟု ဒေါက်တာစိုးဝင်းပိုင်က ရှင်းပြသည်။

မိမိတို့အနေဖြင့် ပြည်သူလူထုကို ရောဂါရှာဖွေရေးအပိုင်းများ လုပ်ဆောင်ပေးနေပြီး ကျန်းမာရေး သိပညာပေးမှုများကိုလည်း လုပ်ဆောင်ပေးလျှက်ရှိကာ နယ်စပ်မှ ဝင်ရောက်လာသူများကိုလည်း စောင့်ကြည့်မှုများ လုပ်ဆောင်ထားကြောင်း သူကဆိုသည်။

စစ်တွေမြို့တွင် အပြင်ထွက်လျှင် Mask တပ်သူဦးရေ နည်းပါးလာကြောင်း ပွဲလမ်းသဘင်ကျင်းပမှုများလည်း ရှိနေကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးက သူနာပြုတစ်ဦးက ဝေဖန်ထောက်ပြသည်။

လက်ရှိ ရခိုင်ပြည်တွင် COVID -19 ပိုးတွေ့လူနာ များလာနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ယခင်နှစ်က ပြုလုပ်ခဲ့သည့်အတိုင်း စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်စိန်က ဆိုသည်။

“အသစ်အဆန်းရောဂါတစ်ခုမဟုတ်ဘဲ အရင်ကတည်းက ရှိနေတဲ့ ရောဂါတစ်ခုဖြစ်တဲ့ အတွက်ကြောင့် ဒီရောဂါကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ပြည်သူတွေကို ထပ်ပြီးအသိပေးရမယ်။ ရှိပြီးသား ဥပဒေတွေအတိုင်း အရေးယူတာတွေပြန်လုပ်ရမယ်။ ဒီလိုလုပ်မှပဲ ပြန့်ပွားမလာနိုင်မှာဖြစ်တယ်” ဟု သူကဆိုသည်။

ယခု ရောဂါပိုးတွေ့ရှိနေသူများမှာ နယ်စပ်ကုန်သွယ်ရေးကတဆင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့သူများ၊ နယ်စပ်မှ တရားဝင်ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ချက်ချင်းရပ်တန့်ထားစေလိုကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်တွင် ဇွန်လ ၁၇ ရက်နေ့အထိ COID-19 ပိုးတွေ့လူနာ ၆၉ ဦး ရှိလာနေပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများထံ ပိုးတွေ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ