သောက်သုံးရေရှားပါးမှုနှင့်ကြုံနေရသော စစ်ဘေးရှောင်များ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသော စစ်ဘေးရှောင်များမှာ သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့်အတွက် ရေလာရောက်လှူဒါန်းမည့် အဖွဲ့အစည်းများကို မျှော်နေကြရသည်။

01 Mar 2021

မြတ်ဆွေ | DMG
မတ် ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသော စစ်ဘေးရှောင်များမှာ သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့်အတွက် ရေလာရောက်လှူဒါန်းမည့် အဖွဲ့အစည်းများကို မျှော်နေကြရသည်။

အဆိုပါစစ်ဘေးရှောင်များမှာ ရေဖြူကန်ကျေးရွာနှင့် ရေပေါက်ချောင်းကျေးရွာတို့ရှိ ရေကန်များကို အဓိကထားပြီး ရေအသုံးပြုနေရခြင်းဖြစ်ကာ လက်ရှိတွင် ထိုရေကန်များမှာလည်း ရေခမ်းခြောက်သွားပြီ ဖြစ်သဖြင့် ရေအခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။

စခန်းတာဝန်ခံ ဦးမောင်အေးရွှေက စစ်ဘေးရှောင်များမှာ ရေများကို ဝယ်ယူသုံးစွဲနေရသည့်အခြေအနေ ဖြစ်နေ သဖြင့် အလှူရှင်အဖွဲ့အစည်းများလာရောက်လှူဒါန်းပေးစေလိုကြောင်း ပြောသည်။

“ပြီးခဲ့တဲ့ ၂ လပိုင်းကစပြီးရေရှားတာ။ ပတ်ဝန်းကျင်တွေ ရေတွေကိုမခပ်ရဘူးဆိုတော့ အခက်အခဲတွေ ဖြစ်တယ်။ ပြီးတော့ကျနော်တို့မှာ ရေတွေကိုဝယ်သုံးရတာပဲများနေပါတယ်။ အခု ဆောင်းကုန်ပိုင်းပေါ့၊ နွေရာသီ ကျလာရင် ပိုပြီးတော့ ရေနဲ့အခက်အခဲဖြစ်မယ်” ဟု ဆိုသည်။

လတ်တလောတွင် အဝါရောင်ဂါလန်ဗူး ၆ ဗူးကို ငွေကျပ်တစ်ထောင်ဖြင့် ဝယ်ယူသုံးစွဲနေရသဖြင့် ငွေကြေး အဆင်မပြေသူများမှာ ညစ်ညမ်းရေများကို သုံးစွဲနေကြရကြောင်း စခန်းတာဝန်ခံက ပြောသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ သာစည်၊ ကျောက်ဆိပ်၊ ဒိုးတန်း၊ ပိန္နဲတောကျေးရွာတို့နှင့် ပလက်ဝမြို့နယ်မှ မီးလက်ဝ၊ နမ္မဒါကျေးရွာတို့မှ စစ်ဘေးရှောင်များ လာရောက်ခိုလှုံ နေကြခြင်းဖြစ်သည်။

“အလုပ်အကိုင်တွေကလည်းမရှိဘူး။ နောက်ပြီးတော့ ရေကိုဝယ်ယူပြီးသုံးနေရတယ်။ ရေနဲ့ တစ်အားဒုက္ခ ရောက်နေတာ။ ရေတစ်ထောင်ဖိုးကုန်မယ့်နေရာမှာ ငါးရာဖိုးလောက်နဲ့သုံးနေရတယ်။ အနီးအနား ကျေးရွာ တွေကပေးထားတဲ့ရေကန်တွေမှာလည်း ရေတွေခမ်းသွားပြီဆိုတော့ နောက်ထပ်ရှိနေတဲ့ ကန်တွေကလည်း ရေသွားမခပ်ရတော့ဘူး” ဟု ယင်းစခန်းတွင်ခိုလှုံနေသည့် ဒေါ်မှဲ့နီက ပြောသည်။

ယခင်မီးရထားလမ်းပြုလုပ်စဉ်က ကျန်ရစ်ခဲ့သည့်မြောင်းများရှိ ရေများကို လက်ရှိတွင် စစ်ဘေးရှောင်များ အသုံးပြုနေကြရပြီး အဆိုပါရေများအသုံးပြုနေရသဖြင့် သက်ကြီးပိုင်းနှင့် ကလေးငယ်များမှာ ခန္ဓာကိုယ် ယားယံခြင်း၊ ဝမ်းလျောခြင်းများဖြစ်ပေါ်နေရကြောင်း စစ်ဘေးရှောင် ဒေါ်ပုမေက ပြောသည်။

“ရေမကောင်းလို့ ကလေးတွေခန္ဓာကိုယ်ယားယံတာတွေရှိတယ်၊ ဝမ်းလျှော့ဝမ်းတာတွေရှိတယ်။ ဆိုတော့ ဆေးခန်းတွေသွားပြီး ပြသရတာတွေရှိတယ်။ နောက်ဆို ပူအိုက်တဲ့ရာသီရောက်ရင် စခန်းမှာရှိတဲ့သူတွေ နေမကောင်းဖြစ်မှာကို စိုးရိမ်ရတယ်” ဟု ဒေါ်ပုမေကဆိုသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ကိုးရာခန့် ခိုလှုံလျက်ရှိပြီး လစဉ်စားဝတ်နေရေးအကူအညီပေးနေသည့် အဖွဲ့များ လာရောက်ခြင်းမရှိသဖြင့်လည်း အခက်အခဲဖြစ်နေ ရကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

ဗီဒီယိုများ