ရခိုင်တွင် ရေချိုထွက် မြစ်ကနေ နှစ်စဉ်ရေရှားပါးသည့် ပြဿနာကို ဖြေရှင်းနိုင်

ရခိုင်ပြည်နယ်တွင် မြို့နယ်တိုင်းလိုလို နှစ်စဉ်ရေရှားပါးသည့် ပြဿနာကို ကြုံနေရသည့်အတွက် ရေချိုထွက်သည့် မြစ်များမှတစ်ဆင့် အစိုးရသော်လည်းကောင်း၊ ကုမ္ပဏီများမှသော်လည်းကောင်း စီစဉ်ဖြေရှင်းနိုင်ကြောင်း အရပ်ဖက်အဖွဲ့များက အကြံပြုတိုက်တွန်းကြသည်။

31 Mar 2021

DMG ၊ မတ် ၃၁

ရခိုင်ပြည်နယ်တွင် မြို့နယ်တိုင်းလိုလို နှစ်စဉ်ရေရှားပါးသည့် ပြဿနာကို ကြုံနေရသည့်အတွက် ရေချိုထွက်သည့် မြစ်များမှတစ်ဆင့် အစိုးရသော်လည်းကောင်း၊ ကုမ္ပဏီများမှသော်လည်းကောင်း စီစဉ်ဖြေရှင်းနိုင်ကြောင်း အရပ်ဖက်အဖွဲ့များက အကြံပြုတိုက်တွန်းကြသည်။

နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာကို မြစ်ချောင်းများနှင့် ဆည်များမှတစ်ဆင့် ရေပေးဝေမှုနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဌ ကိုအမ်းသားကြီးက ပြောသည်။

“ရခိုင်ပြည်နယ်မှာ နွေရာသီကျလာလို့ရှိရင် ရေရှားပါးမှုနဲ့ နှစ်တိုင်းနှစ်တိုင်း စကားပြောရတာတွေ ဖြစ်ပေါ်နေတယ်။ ရခိုင်ပြည်နယ်က လုံးဝ ရေမရှားသင့်တဲ့ ဒေသတစ်ခုဖြစ်တယ်။ လေးမြို့ချောင်း၊ ကုလားတန်ချောင်း၊ ဒါးလက်ချောင်း၊ အမ်းချောင်း အဲဒါတွေက ရေချိုတွေ တောက်လျှောက်ထွက်တဲ့အခါ အဲဒီချောင်းတွေကနေပြီးတော့ ရေပေးဝေရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လို့ရတယ်။ တခြား ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း လုပ်လို့ရသလို အစိုးရကလည်း လုပ်လို့ရတယ်။ အဲလိုမျိုးလုပ်လို့ရှိရင် ရေကတော့ ရှားလာမှာ မဟုတ်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် အဝီစိတွင်းတူးဖော်၍ မရသော မြို့နယ်များရှိနေ၍ ကျေးရွာအများစုလည်း အလားတူဖြစ်နေသည့်အတွက် ရေရှားပါးမှုကို ကြုံနေရခြင်းဖြစ်သည်။

ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ၇၇ ရာခိုင်နှုန်းက ရေပြတ်လပ်မှုကြုံတွေ့နေရသည့်ပြင် မသန့်ရှင်းသည့် ရေများကို သောက်သုံးရသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များမှာ ကျန်းမာရေးထိခိုက်မှုရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“ရခိုင်ပြည်မှာ နွေရာသီ ရေပြတ်မသွားအောင် လုပ်လို့ရတာတွေ အများကြီးရှိတယ်။ ဆည်တွေလည်း အများကြီး ရှိတယ်။ မိုးရာသီဆိုလို့ရှိရင် ကန်တွေအများကြီးတူးပြီး ရေတွေ သိုလှောင်ထားလို့ရတယ်။ ရပ်ရွာအတွက် လိုအပ်တဲ့ ရေပမာဏရအောင် ကန်တွေတူးပေးရမယ်။ ကြိမ်ချောင်းဆည်တို့ ဇီးချောင်းဆည်တို့ ရှိပေမယ့်လည်း အဲဒီဆည်တွေကို စိုက်ပျိုးရေးလုပ်ငန်းသုံးအတွက်ပဲ ရည်ရွယ်ထားတဲ့အခါ သောက်သုံးရေအတွက် ပိုက်လိုင်းတွေ သွယ်တာတွေကိုတော့ မတွေ့သေးဘူး။ တချို့ ဆည်တွေနဲ့လည်းဝေး၊ ရေမြောင်းတွေလည်း မရှိတဲ့နေရာတွေမှာ ပိုပြီး ရေအကျပ်အတည်းခံရတယ်” ဟု ပြောသည်။

ယခုလ မတ်လ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ နေအိမ်များ မီးလောင်းဒဏ် ခံခဲ့ရသည့်အပြင် အစားအသောက်နှင့် ရေမရှိသည့် ပြဿနာကို ပြင်းပြင်းထန်ထန် ကြုံတွေ့နေရပြီး လတ်တလောမှာ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) မှ မြောက်ဦးမြို့မှတစ်ဆင့် ကားဖြင့် သောက်သုံးရေကို သယ်ယူကာ ရေရရှိရေးပြဿနာကို ဖြေရှင်းနေရကြောင်း MUYA ဥက္ကဌ ခိုင်မင်းသျှင်က ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က “ အခုက ကန်ထဲမှာ ချောင်းကရေကို ပိုက်နဲ့သွယ်ပြီးတော့ သုံးနေရတယ်။ သုံးရေလောက်ပဲရတယ်။ သောက်ရေက မရဘူး။ သောက်ရေကို အလှူရှင်တွေက လာလှူတာနဲ့ပဲ သုံးနေရတယ်။ အလှူရှင်တွေ မရှိရင်တော့ သောက်ရေက ပြတ်သွားနိုင်တယ် ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရေရှားပါးမှုပြဿနာကြီးကို မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်နေခြင်းနှင့် မည်ကဲ့သို့ ဆောင်ရွက်မည့်လုပ်ငန်းများကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

DMG ၏ မှတ်တမ်းအရ ပြီးခဲ့သည့် ၃ နှစ်က မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်က ကျေးရွာအချို့တွင် ရေအလွန်ရှားပါးသည့် စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရပြီး ပရဟိတအဖွဲ့အစည်းများနှင့် လူငယ်အသိုင်းအဝိုင်းအချို့က ကူညီဖြေရှင်းခဲ့ရသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ရေရှားပါးသည့် စိန်ခေါ်မှုကို တစ်ပိုင်တစ်နိုင် ဖြေရှင်းနေသော်လည်း ပြည်နယ်ကောင်စီအနေဖြင့် သက်ဆိုင်ရာဌာနသို့ ထိထိရောက်ရောက် ညွန်ကြား လုပ်ဆောင်ရန် လိုအပ်ကြောင်း REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက တိုက်တွန်းသည်။

လက်ရှိတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားများဖြင့် ရေရှားမှုအရေးပေါ်ဖြစ်နေသည့် နေရာများသို့ ရေပေးဝေခြင်းများရှိနေသည်။ သို့သော်လည်း လုံလောက်မှုမရှိသည့်အတွက် သက်ဆိုင်ရာဌာနများမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဟု အရပ်ဖက်အဖွဲ့များက သုံးသပ်နေကြသည်။

ဗီဒီယိုများ