ဝင်းနှင့်ဇော်တို့ကို သေဒဏ်မှလွှတ်ပေးရန် ထိုင်းဘုရင်ကြီးအား မေတ္တာရပ်ခံ

ထိုင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကြောင့် ပြစ်မှုမကျူးလွန်သည့် မြန်မာနိုင်ငံသားနှစ်ဦးသည် ယခုလို ပြစ်ဒဏ်အပေးခံရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ၎င်းတို့၏ အသက်မှာ ထိုင်းဘုရင်မင်းမြတ်ထံတွင်သာ ရှိသောကြောင့် မိမိတို့အနေဖြင့် စစ်မှန်သော မေတ္တာတရားများပို့သပေးရန် လိုအပ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်သည်။

02 Sep 2019

မြတ်ဝင်းကျော်၊ ခိုင်မင်း | DMG
စက်တင်ဘာ ၂ ၊ ရန်ကုန်

သေဒဏ်ချမှတ်ခံထားရသော ကိုဝင်းဇော်ထွန်းနှင့် ဇော်လင်းအောင်တို့နှစ်ဦးကို အသက်ဘေးမှလွတ်မြောက်ပေးရန် ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ မေတ္တာရပ်ခံတောင်းဆိုခဲ့ကြသည်။

၎င်းတို့နှစ်ဦးအပေါ် ထိုင်းဘုရင်မင်းမြတ်မှ ရင်ဝယ်သားကဲ့သို့မှတ်ယူပြီး အသက်ဘေးမှကယ်တင်ပေးရန် ထိုင်းနိုင်ငံသံရုံးမှတစ်ဆင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ မေတ္တာရပ်ခံစာကိုလည်း ပေးပို့ခဲ့သည်။

ထိုင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကြောင့် ပြစ်မှုမကျူးလွန်သည့် မြန်မာနိုင်ငံသားနှစ်ဦးသည် ယခုလို ပြစ်ဒဏ်အပေးခံရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ၎င်းတို့၏ အသက်မှာ ထိုင်းဘုရင်မင်းမြတ်ထံတွင်သာ ရှိသောကြောင့် မိမိတို့အနေဖြင့် စစ်မှန်သော မေတ္တာတရားများပို့သပေးရန် လိုအပ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်သည်။

“ထိုင်းကို ဦးအောင်ဇေယျ ဝါရင်းတုတ်နဲ့ သိမ်းထားတာဆိုတဲ့ ဒေါသအာဃာတတွေ မပါဘဲ ပါရမီမြောက်တဲ့ မေတ္တာမျိုး၊ ထိုင်းဘုရင်ကြီးကို အေးချမ်းစေချင်တဲ့ မေတ္တာမျိုးကို နိုင်ငံသူ နိုင်ငံသားအားလုံးက စစ်မှန်တဲ့မေတ္တာနဲ့ပို့ရင် ဝင်းနဲ့ဇော်ဟာ အမှန်တစ်ကယ်လွတ်မြောက်မယ်လို့ အကြွင်းမဲ့ယုံကြပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ ကော့တောင်(လိပ်ကျွန်း)၌ ဗြိတိန်သျှနိုင်ငံသား ခရီးသည်စုံတွဲနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းထွန်းတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု စသည်တို့ကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲကာ အမှု ၇ ခုဖြင့် တရားစွဲဆိုပြီး ကော်စမွီတရားရုံး က ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချက်မှတ်ခဲ့သည်။

ယင်းသို့ သေဒဏ်ချက်မှတ်လိုက်ပြီးနောက် ၎င်းတို့နှစ်ဦးသည် ပြစ်မှုကျူးလွန်ခဲ့ခြင်း မဟုတ်ကြောင်း ၊ လူသတ်လက်နက်တွင် တွေ့ရှိရသော DNA မှာလည်း ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှင့်တူညီသည့် အထောက်အထား တစ်စုံတရာမရှိကြောင်း စသည်ဖြင့် အယူခံအဆင့်ဆင့်တက်လာခဲ့သော်လည်း မအောင်မြင်နိုင်ခဲ့ပေ။
ထို့ကြောင့် ထိုင်းနိုင်ငံ၏ အမြင့်တရားရုံးလွှတ်တော်ချုပ်သို့ အယူခံတက်ခဲ့ရာ သြဂုတ်လ ၂၉ ရက်နေ့တွင် အယူခံအား ပယ်ချခြင်းခံခဲ့ရသည်။

သေဒဏ်ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော်အတွက် နောက်ဆုံးအနေဖြင့် ထိုင်းဘုရင်ထံသို့ အသနားခံစာတင်ပို့ရန်သာရှိတော့ပြီး တရားမျှတမှုရရှိအောင် ကူညီဆောင်ရွက်ပေးရန် ၎င်းတို့နှစ်ဦး၏မိဘများက မြန်မာနိုင်ငံအစိုးရအား တောင်းဆိုကြသည်။

“မြန်မာနိုင်ငံအစိုးရကို တောင်းဆိုချင်တာကတော့ ကျွန်မသားကို တရားမျှတအောင်လုပ်ပေးပါလို့ တောင်းဆိုချင်တယ်။ ကျွန်မသားက မိဘတွေဆင်းရဲလို့ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်တာပါ။ အခုကျတော့ ကျွန်မသားကို မတရားစွပ်စွဲတယ်။ ဒီဟာကို တရားမျှတအောင် ကိုယ့်ရဲ့ မြန်မာနိုင်ငံအစိုးရက လိုက်ပြီးဆောင်ရွက်ပေးစေချင်တယ်” ဟု ဝင်းဇော်ထွန်း၏ မိခင် ဒေါ်မေသိန်းက ဆိုသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အုပ်ချုပ်ခံလူတန်းစား သားသမီးများအတွက် ထိုင်းဘုရင်မင်းမြတ်ထံ မေတ္တာရပ်ခံသင့်ကြောင်း ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

“မိဘနဲ့တူတဲ့ နိုင်ငံတော်သမ္မတ ၊ အတိုင်ပင်ခံတွေက မေတ္တာရပ်ခံတာတွေ မပြုလုပ်ဘူးဆိုတော့ မိဘတာဝန် မကျေပွန်ဘူးပေါ့” ဟု ဆရာတော်က မိန့်သည်။

ယခင်က ထိုင်းနိုင်ငံသံရုံးရှေ့တွင် ရဟန်းရှင်လူပြည်သူများက မေတ္တာသုတ်၊ မောရသုတ်တို့ဖြင့် ဆုတောင်းခြင်း၊ ဆန္ဒပြကန့်ကွက်ခြင်းတို့ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါ သံရုံးရှေ့၌ ပြုလုပ်ခွင့်မပြုကြောင်း ဦးပါမောက္ခက မိန့်ကြားသည်။

ဗီဒီယိုများ