ရခိုင်ရှိ နေရပ်စွန့်ခွာသူများနေထိုင်သည့် ယာယီစခန်းများကို ပိတ်သိမ်းမည်

“နေရပ်စွန့်ခွာသူ များပြားလာတော့ ယာယီစခန်းတွေရှိတယ်။ ယာယီစခန်းဆိုတာ ယာယီနေထိုင်ပြီးတော့ ဒီစခန်းတွေဟာ ကြာရှည်ရင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ကို အနှောင့်အယှက် အဟန့်အတားဖြစ်ပြီးတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို သာတူညီမျှ ခံစားကြရတာတွေ အကုန်ပျောက်ပျက်ကုန်တယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

By မင်းထွန်း 03 Dec 2019

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၉) သောင်းကျော်အထိ ရှိလာပြီဖြစ်သည်။

မင်းထွန်း | DMG
ဒီဇင်ဘာ ၃၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာထွက်ပြေးနေကြသူများ ခိုလှုံနေသည့် ယာယီစခန်းများကို ပိတ်သိမ်းမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဒီဇင်ဘာလ ၂ ရက်နေ့က စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်များကို ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရှင်းလင်းပွဲတွင် ဝန်ကြီးက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နေရပ်စွန့်ခွာသူ များပြားလာတော့ ယာယီစခန်းတွေရှိတယ်။ ယာယီစခန်းဆိုတာ ယာယီနေထိုင်ပြီးတော့ ဒီစခန်းတွေဟာ ကြာရှည်ရင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ကို အနှောင့်အယှက် အဟန့်အတားဖြစ်ပြီးတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို သာတူညီမျှ ခံစားကြရတာတွေ အကုန်ပျောက်ပျက်ကုန်တယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

သို့သော် ယာယီစခန်းများကို မည်သည့်အချိန်တွင် ပိတ်သိမ်းမည်မှာ အတိအကျ မသိရှိရသေးပေ။

“ဆိုတော့ ဒီယာယီစခန်းတွေဟာ အခုကတည်းကပဲ ချက်ခြင်းကြီးပိတ်ပေးဖို့ ပြောတာမဟုတ်ပါဘူး။ ဒီမဟာဗျူဟာဆိုတာရှိမှ ကျွန်တော်တို့က စီမံချက်ဆိုတာ ဖော်ထုတ်လို့ရတယ်။ စီမံချက်ဖော်ထုတ်ဖို့ နိုင်ငံတော်ဘတ်ဂျက်ထဲကို ထည့်ဖို့အတွက် မြန်မာ့စစ်ဆေးရေး ရည်မှန်းချက်၊ စီမံချက်တွေနဲ့သွားရမှာ။ သွားမှ ဒါတွေကိုအကောင်အထည်ဖော်နိုင်မှာ”ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၉) သောင်းကျော်အထိရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထား သည်။

ဒေါက်တာဝင်းမြတ်အေးက “ဒါတွေအတွက် ကျွန်တော်တို့က နေရပ်စွန့်ခွာသူတွေဟာ ခိုလှုံဖို့အတွက် စခန်းလိုတယ်။ ကျွန်တော်တို့က စခန်းတွေဆောက်နေရတဲ့နေရာမှာ ဆောက်ရဦးမယ်။ ဒါက စခန်းပိတ်သိမ်းရေး မဟာဗျူဟာ။ သို့သော် ကျွန်တော်တို့လုပ်နေရတဲ့ အခြေအနေက စခန်းဆောက်သင့်တဲ့ နေရာတွေရှိတယ်။ ဆိုတော့ စခန်းတွေဆောက်သင့်တဲ့စခန်း ဆောက်ရမယ်။ ပြည်သူတွေဘဝလုံခြုံတိုးတက်ဖို့ကိုး။ ဆိုတော့ စခန်းတွေလည်းဆောက်နေရတယ်။ ပိတ်သိမ်းတာလည်း ပိတ်သိမ်းရမယ်။ အဲလိုမျိုးတွေ သွားနေရတယ်”ဟု ပြောသည်။

အစိုးရက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်များတွင် ယာယီစစ် ဘေးရှောင်စခန်း (၇) ခု ဆောက်လုပ်နေရာ အများစုပြီးစီးနေပြီဖြစ်သည်။ သို့သော် စစ်ဘေးရှောင်များ နေထိုင်နိုင်ခြင်းမရှိသေးပေ။

Related Post : ရခိုင်တွင် စစ်ဘေးရှောင်များ ထပ်တိုးလာမှုကြောင့် ရိက္ခာလိုအပ်ချက်များရှိနေ

ဗီဒီယိုများ