ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် ယိုယွင်းပျက်စီးနေသည့်နေအိမ်များကို မိုးမကျမီပြုပြင်ပေးရန် စစ်ဘေးရှောင်များက လိုလား

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်နေအိမ်အများစုမှာ တာပေါ်လိပ်စ၊ ဓနိတို့ဖြင့် မိုးကာထားသဖြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ခိုင်ခံ့မှုမရှိတော့ဘဲ ထိုသို့ပျက်စီးနေသည့် စစ်ဘေးရှောင်နေအိမ်များကို မိုးမကျမီပြန်လည်ပြုပြင်ပေးရန် စစ်ဘေးရှောင်များကတောင်းဆိုကြသည်။

10 May 2022

ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းရှိ နေအိမ်များကို မေလ ၉ ရက်နေ့က တွေ့ရစဉ်။

DMG ၊ မေ ၁၀

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်နေအိမ်အများစုမှာ တာပေါ်လိပ်စ၊ ဓနိတို့ဖြင့် မိုးကာထားသဖြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ခိုင်ခံ့မှုမရှိတော့ဘဲ ထိုသို့ပျက်စီးနေသည့် စစ်ဘေးရှောင်နေအိမ်များကို မိုးမကျမီပြန်လည်ပြုပြင်ပေးရန် စစ်ဘေးရှောင်များကတောင်းဆိုကြသည်။

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ရခိုင်ကစစ်ဘေးရှောင်စခန်းများတွင် နေအိမ်များမိုးယိုကာ နေရေးထိုင်ရေး အခက်အခဲနှင့်ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။

စစ်ဘေးရှောင်ဦးရေ ၈၀၀ ကျော်ခိုလှုံနေသည့် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်များမိုးယိုကာ နေထိုင်ရန်နှင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲများဖြစ်နေရသည်ဟု စစ်ဘေးရှောင် ဦးနိုင်ထွန်းဝင်းက DMG သို့ ပြောသည်။

“ခေါင်းမိုးကမိုးယိုတာ ဟိုနားကယို၊ ဒီနားကယိုနဲ့ စိုစိမ့်နေတဲ့ကြမ်းခင်းမှာ နေနေရတယ်။ အိပ်နေရပါတယ်။ ထမင်းချက်စားရလို့လည်း လုံးဝအဆင်မပြေဘဲ ဒုက္ခရောက်နေပါတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ပျက်စီးနေသည့် စစ်ဘေးရှောင်နေအိမ်များကို မိုးမကျမီပြန်လည်ပြုပြင်ပေးရန်လိုအပ်ကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းအေးကဆိုသည်။

“ကျနော်တို့မှာ အခုကတည်းကနေ အခက်အခဲရှိနေတယ်ဆိုတော့ မိုးရာသီရောက်ရင် ပိုပြီးတော့ခက်ခဲမယ်။ ကျနော်တို့တောင်းဆိုချင်တာကတော့ ကျနော်တို့နေအိမ်တွေကို မိုးရာသီမရောက်ခင် လုံလုံခြုံခြုံနဲ့ နေထိုင်လို့ရအောင် ဆောက်လုပ်ပေးပါ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် မိုးရေစိုစွတ်သည့်နေရာများ၌ နေထိုင်နေရသည့်အတွက် ကလေးငယ်များနှင့် သက်ကြီးပိုင်းများ၏ ကျန်းမာရေးအတွက်စိုးရိမ်စရာဖြစ်သည်ဟု မြောက်ဦးမြို့ရှိ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်မအောင်မြင့်ကဆိုသည်။

“မနေ့ညကလည်း မိုးရွာတဲ့အတွက် တစ်ညလုံးအိပ်လို့မရဘူး။ ဒီအတိုင်းထိုင်နေရတယ်။ တာပေါ်လိပ်စတွေ မိုးထားပေမဲ့ မလုံဘူး။ မိုးမယိုတဲ့ဘက်က ထိုင်နေရတယ်။ မနေ့ကတစ်ရက်လုံးရွာတယ်၊ အခုလည်းရွာနေတယ်။ အဝတ်အစားတွေ၊ နေရာထိုင်ခင်းတွေအကုန်လုံးစိုစွတ်သွားပြီ။ ကလေးတွေနဲ့အဘိုးအဘွားတွေအတွက်တော့ မိုးရွာလိုက်၊ စိုစွတ်လိုက်နဲ့ နေမကောင်းဖြစ်မှာလည်းစိုးရိမ်ပါတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့်ဧပြီလအတွင်းက လေပြင်းတိုက်ခတ်ရာမှုကြောင့် ရခိုင်က စစ်ဘေးရှောင်နေအိမ်အချို့ပျက်စီးခဲ့ကာ လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးဟု နေအိမ်ပျက်စီးသွားသည့် စစ်ဘေးရှောင်များက ပြောဆိုကြသည်။

စစ်ဘေးရှောင်နေအိမ်များ ပြုပြင်ရေးနှင့်ပတ်သက်ပြီးရခိုင်ပြည်နယ်စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက “စစ်ဘေးရှောင်နဲ့ပတ်သက်ပြီးတော့ အစိုးရက အတင်းပြန်ခိုင်းတာမရှိဘူး။ ပြန်လို့ရှိရင်လည်း ဘေးစီမံဌာနက စားဝတ်နေရေးအတွက် ကူညီပံ့ပိုးပေးတာရှိတယ်။ နေရပ်မပြန်တဲ့စစ်ဘေးရှောင်နဲ့ ပတ်သက်ပြီးတော့ သူတို့ရေရှည်နေထိုင်ဖို့အတွက် အဆောက်အအုံတွေကိုပြုပြင်ပေးပြီး ရာသက်ပန် နေထိုင်ဖို့အတွက် အဆောက်အအုံတွေကို စီစဉ်ပေးဖို့အစီစဉ်မရှိပါဘူး”ဟု ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်များကို အာရုံစိုက်မှုနည်းလာသဖြင့် ဆန်ရိက္ခာအထောက်အပံ့များ မရရှိခြင်း၊ နေရာထိုင်ခင်းအဆင်မပြေခြင်းတို့မှာ စစ်ဘေးရှောင်များ ဆက်လက်ရပ်တည်ရန် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးထွန်းဝင်းကဆိုသည်။

“အစိုးရဆီက နေအိမ်တွေကိုဆောက်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်ဘေးရှောင်တွေကစောင့်နေကြတယ်။  အခုချိန်ထိ ပြုပြင်ပေးတာတွေတချို့လောက်ရှိတယ်။ မဆောက်ပေးတဲ့နေအိမ်တွေက အများကြီးပေါ့နော်။ စစ်ဘေးရှောင်တွေ စားသောက်ရေးလည်း ထောက်ပံ့တာတွေမရဘူးဖြစ်နေတယ်။ ဒီနောက်ဆက်တွဲ သူတို့မှာ စိတ်ဖိစီးမှုတွေ၊ ပူလောင်မှုတွေများလာကြတယ်။ ဘဝဆက်လက်ရပ်တည်ဖို့တောင် အဆင်မပြေ ဖြစ်လာကြတယ်ပေါ့။ အစိုးရကတော့ ဒါကိုစနစ်တကျဖြေရှင်းဖို့လိုအပ်ပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာလာကြသည့် စစ်ဘေးရှောင်များထဲမှ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော်ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏စာရင်းအရ သိရသည်။

ဗီဒီယိုများ