AA ဖမ်းဆီးခဲ့သည့် နယ်ခြားစောင့်ရဲမိသားစုဝင်သုံးဦးနှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ပြန်လွတ်လာ

ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့သူ ၉ ဦးထဲမှ ရဲတပ်ဖွဲ့မိသားစုဝင် ၃ ဦးနှင့် ယခင်က ဖမ်းဆီးထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ကို မေလ ၂၉ ရက်၊ ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း AA က ထုတ်ပြန်ထားသည်။

By ဝင်းညွန့် 30 May 2020

ဝင်းညွန့် | DMG
မေ ၃၀၊ ရသေ့တောင်

ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့သူ ၉ ဦးထဲမှ ရဲတပ်ဖွဲ့မိသားစုဝင် ၃ ဦးနှင့် ယခင်က ဖမ်းဆီးထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ကို ယမန်နေ့(မေလ ၂၉ ရက်) ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

ရဲမိသားစုများဖြစ်သည့် မခင်ရွှေဇင်နှင့် ၎င်း၏ အသက် ၂ နှစ်အရွယ်သမီးဖြစ်သူအပါအဝင် မမိုင်းစိုးစန္ဒာတို့ကို လုံခြုံစိတ်ချရသည့်နေရာ၌ တစ်ဦးကို ငွေလေးသောင်းကျပ်ပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ လွှတ်မြောက်လာသူ ၃ ဦးမှာ ယနေ့(မေလ ၃၀ ရက်) နံနက် (၈)နာရီကျော်တွင် ရသေ့တောင်မြို့နယ် စေတီပြင်ရဲစခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက DMG သို့ ပြောသည်။

“သူတို့ကို မနေ့ကတည်းက အောက်ကျောင်းတောင်ရွာရဲ့ ရပ်မိ၊ ရပ်ဖအိမ်မှာ ရောက်နေပြီ။ ဒီနေ့ နံနက်က ကျနော်တို့ စေတီပြင်ရဲစခန်းကို ပို့လိုက်ပါပြီ”ဟု ၎င်းကဆိုသည်။

မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီခန့်က သဇင်မြိုင် နယ်ခြားစောင့်ရဲကင်းစခန်းကို AA အင်အား ၁၀၀ ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ အင်အားချင်းမမျှသဖြင့် ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့မှာ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ ရဲကင်းစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် မိသားစုဝင် ၃ ဦးမှာ ပျောက်ဆုံးလျက်ရှိနေကြောင်း တပ်မတော်ပြောခွင့်ရသူများက သတင်းမီဒီယာများအား အတည်ပြုပြောဆိုထားသည်။

သဇင်မြိုင်ကျေးရွာတွင် အိမ်ခြေ ၅၀ ခန့်ရှိပြီး ရဲကင်းစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောင်းတောင် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို AA က တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်းကို AA က ဝင်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။

ဧပြီလ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်နှင့် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ  ညောင်ချောင်းနယ်မြေရဲကင်းစခန်းတို့အား AA က တိုက်ခိုက်မှုများရှိခဲ့သည်။

ယင်းသို့ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

AA မှ ယခုကဲ့သို့ ရဲစခန်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုအား ကျူးလွန်ခြင်းဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်၂၀၂၀ ခုနှစ်၊ မေလ ၂၅ နေ့က ဒဏ်ရာရလူနာများကို ဆေးကုသနေသော AA စခန်းငယ်နှင့် ကာကင်းစခန်းအား မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့သဖြင့် AA တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးမှုများရှိခဲ့သဖြင့် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်နယ်မြေစောင့်ရဲစခန်းအား လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ယမန်နေ့က AA မှ ပြန်လွှတ်ပေးသူများထဲတွင် ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာတွင် တာဝန်ကျနေသည့် ကျန်းမာရေးမှူး ကိုစိုးဝင်းသူ ၂၉ နှစ်လည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က ကိုစိုးဝင်းသူအပါအဝင် ဆေးခန်းအစောင့်လင်မယားနှစ်ဦးနှင့် သမီးဖြစ်သူ စုစုပေါင်း ၄ ဦးတို့ကို ၎င်းတို့၏နေအိမ်၌ရှိနေစဉ် AA မှ လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ယင်းသို့ဖမ်းဆီးခံရပြီး ဆေးခန်းအစောင့်လင်မယားနှစ်ဦးနှင့် သမီးဖြစ်သူတို့ ပြန်လည်လွှတ်မြောက်လာခဲ့ကာ ကျန်းမာရေးမှူး ကိုစိုးဝင်းသူမှာ ၁၄ ရက်ခန့်ကြာမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ