တရားစွဲခံထားရသည့် Western News သတင်းဌာနမှ တာဝန်ရှိသူတို့အမှုတွင် တရားလိုနှင့်လိုပြတို့ကို စတင်စစ်ဆေးနေဟုဆို

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၁၂၄(က)ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးတို့၏အမှုတွင် တရားလိုနှင့်လိုပြသက်သေများကို ယမန်နေ့(ဖေဖော်ဝါရီ ၂၅ ရက်)က စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

26 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၆
နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၁၂၄(က)ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးတို့၏အမှုတွင် တရားလိုနှင့်လိုပြသက်သေများကို ယမန်နေ့(ဖေဖော်ဝါရီ ၂၅ ရက်)က စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် တရားလိုဖြစ်သည့် ဗိုလ်မှူးဘုန်းမြတ်ကျော်အပါအဝင် လိုပြသက်သေများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်သုံးဦး စုစုပေါင်းလေးဦးကို စစ်တွေခရိုင်တရားရုံးတွင်စစ်ဆေးခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း Western News သတင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တရားလိုနဲ့ လိုပြသက်သေသုံးယောက်ကို မနေ့ကစစ်ဆေးတယ်လို့သိရပါတယ်။ လိုပြသက်သေတွေလည်း ရဲသားတွေဖြစ်ပါတယ်။ စစ်ဆေးတယ်လို့ပဲ ကျနော်တို့အနေနဲ့စုံစမ်းသိရှိရတာပါ။ ကျနော်တို့က ဒီအမှုနဲ့ပတ်သတ်ပြီးတော့ တရားလိုဘက်က ဘယ်လိုမျိုးလုပ်ဆောင်နေလဲ၊ ဘာတွေလုပ်ဆောင်နေလဲဆိုတာကို တရားရုံးဘက်ကို မေးမြန်းသွားဖို့အစီအစဉ်ရှိပါတယ်။ ကျနော်တို့ဘက်ကို အခုချိန်ထိတော့ ဆင့်ခေါ်စာတွေမရောက်သေးဘူး”ဟု Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုထွန်းသာပြောသည်။

ထိုသို့စွပ်စွဲခံထားရသူမပါဘဲ တရားလိုနှင့် လိုပြသက်သေများကို စစ်ဆေးခြင်းမှာ တရားရုံးလုပ်ထုံးဥပဒေပုဒ်မ- ၂၀၂ အရ တရားခံ(သို့မဟုတ်)စွပ်စွဲခံရသူမရှိပဲ မျက်ကွယ်တွင် တရားလို၊ လိုပြသက်သေများကို ဥပဒေအရာရှိများနှင့် စစ်ဆေးခြင်းဖြစ်သည်။

“တရားခံပြေးနဲ့ တရားစွဲတင်ထားတယ်ဆိုရင်တော့ တရားခံ အမှန်တကယ်ပြေးလို့ ရှိ၊မရှိကို တရားခံမျက်ကွယ်မှာစစ်ဆေးမယ်။ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးမယ်။ နယ်ထိန်း၊ ရဲတပ်ဖွဲ့တွေကိုစစ်ဆေးမယ်။ စစ်ဆေးပြီးမှ ပြစ်မှုကျူးလွန်တဲ့သူကို

တရားခံပြေးအဖြစ်သတ်မှတ်ဖို့အတွက် ပြေးနေတာကိုလည်း ပေါ်ပေါက်ရမယ်။ တရားခံမျက်ကွယ်မှာ ပြစ်မှုကျူးလွန်လို့ရှိ၊မရှိကို အမှုမှာပါဝင်တဲ့ သက်သေတွေကိုစစ်ဆေးမယ်။ ပြစ်မှုကျူးလွန်တာလည်း တရားခံမျက်ကွယ်မှာ ပေါ်ပေါက်တယ်ဆိုရင်တော့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၈၇၊ ၈၈ အရ ဝရမ်းထုတ်လို့ရတယ်”ဟု ရှေ့နေတစ်ဦးကဆိုသည်။

ယင်းသို့ Western News သတင်းဌာနအမှုကို စစ်ဆေးနေသည်ဆိုသည့် ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်တွေခရိုင်တရားရုံးမှ တာဝန်ရှိသူများနှင့် စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူတို့ကို DMG ကသွားရောက်မေးမြန်းရန်ကြိုပမ်းခဲ့သော်လည်း တွေ့ခွင့်မရရှိခဲ့ပေ။

Western News သတင်းဌာနမှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် (ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်တပ်တပ်ရင်းတစ်ခု၏ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်)ဆိုသောသတင်းကို ရေးသားဖော်ပြခဲ့မှုကြောင့် စစ်တပ်က တရားလိုပြုလုပ်ကာ စစ်တွေခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယင်းသို့တရားစွဲခံထားရမှုကြောင့် Western News သတင်းဌာနမှ ဝန်ထမ်းများမှာ စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများဖြစ်စေပြီး သတင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင်လည်း နှောက်နှေးသွားသည်ဟု ယင်းသတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုထွန်းသာပြောသည်။

“အခက်အခဲတွေကတော့ အဓိက ကျနော်တို့ကိုစွဲဆိုတဲ့အမှုက ၁၂၄(က)။ ကြီးလေးတဲ့အမှုဖြစ်တဲ့အတွက် အာမခံချက်လည်းမရဘူး။ အဲဒီလိုအခြေအနေမျိုးဖြစ်တဲ့အခါ ဘာတွေကိုကြောက်ရလည်းဆိုတော့ လက်ရှိအချိန်က စစ်အာဏာရှင်စနစ်အောက်ရောက်နေတဲ့အခါ သူတို့ရဲ့ မထိမဲ့မြင်လုပ်ရပ်တွေပေါ့နော်။ အခုက အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ယောက်ကို တရားစွဲဆို တယ်ဆိုရင် အဲဒီအပြင် တခြားဝန်ထမ်းတွေကိုပါ အနှောင့်အယှက်ဖြစ်သွားမှာကအစ စိုးရိမ်ရပါတယ်”ဟု ရှင်းပြသည်။

လက်ရှိ Western News သတင်းဌာနမှ အမှုဖွင့်ခံထားရသည့် အယ်ဒီတာချုပ်အပါအဝင် ဝန်ထမ်းများမှာ တိမ်းရှောင်နေကြရပြီး သတင်းများကို ဆက်လက်တင်ဆက်နေကြသည်။

Western News သတင်းဌာနမှ တာဝန်ရှိသူတို့ကိုစွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၂၄(က)မှာ ပြစ်မှုထင်ရှားလျှင် ငွေဒဏ်နှင့်တကွ၊ နှစ် ၂၀ အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ၇ နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

အလားတူ Western News မှဖော်ပြခဲ့သော ပလက်ဝသတင်းတွင် အင်တာဗျူးဖြေဆိုခဲ့သည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်မှာလည်း လက်ရှိတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည်။

ဗီဒီယိုများ