ရခိုင်ဝန်ကြီး(၂)ဦးကို အဂတိကော်မရှင်ထံတိုင်ကြားမှု (၁၇)လခန့်ကြာမြင့်နေသော်လည်း အကြောင်းပြန်ခြင်းမရှိသေး

ဆောက်လုပ်ရေးတင်ဒါကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားမှုမှာ (၁၇)လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ကော်မရှင်ဘက်က အကြောင်းပြန်ခြင်း မရှိသေးဟု တိုင်ကြားသူများက

By ခိုင်ရိုးလ 30 Jan 2020

ဝန်ကြီး ဦးဝင်းမြင့် နှင့် ဝန်ကြီး ဦးကျော်အေးသိန်း

ခိုင်ရိုးလ | DMG
ဇန်နဝါရီ ၂၈၊ မြောက်ဦး

ဆောက်လုပ်ရေးတင်ဒါကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားမှုမှာ (၁၇)လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ကော်မရှင်ဘက်က အကြောင်းပြန်ခြင်း မရှိသေးဟု တိုင်ကြားသူများက ပြောသည်။

ဝန်ကြီးဦးကျော်အေးသိန်းကို မြောက်ဦးမြို့ ပျံကျဈေးတည်ဆောက်ရေး တင်ဒါပေးအပ်ရာတွင် မူလလျှောက်ထားသူများကို မပေးဘဲ တင်ဒါမလျှောက်ထားသည့် နီးစပ်သည့်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးလိုက်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် ဝတီရွှေမြေကုမ္ပဏီအပါအဝင် ကုမ္ပဏီ (၆)ခုက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

ဝန်ကြီး ဦးဝင်းမြင့်ကိုလည်း မြောက်ဦးမြို့တော်ခန်းမဆောက်လုပ်ရာတွင် မူလဆောက်လုပ်နေသည့် ကုမ္ပဏီကို လုပ်ကိုင်ခွင့်မပေးခြင်း၊ ယင်းခန်းမဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူရာတွင်လည်း တင်ဒါလျှောက်ခွင့်မပေးဘဲ တခြားကုမ္ပဏီကို တင်ဒါခေါ်ပေးလိုက်သည်မှာ တင်ဒါလုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဟု ဆိုကာ ဝတီရွှေမြေကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုင်ကြားပြီးနောက် စက်တင်ဘာလ ၁၁ ရက်နေ့တွင် တိုင်ကြားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လေးဦး နှင့်ကုမ္ပဏီများကို စစ်ဆေးခဲ့သည်။သို့သော် တိုင်ကြားခံရသူများကို စစ်ဆေးခဲ့ခြင်း ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရှိရပေ။

“ကျနော့်ဘက်က သက်သေအထောက်အထားအစုံနဲ့ တိုင်ကြားထားခဲ့တာ။ အဲဒါကို ကွင်းဆင်းပြီးတော့ စစ်ဆေးမှုတွေရှိခဲ့တယ်။ အဖြစ်မှန်တွေလည်း ထွက်နေပြီ။” ဟု ဝတီရွှေမြေကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးနှင်းထွန်းတိုးက DMG ကိုပြောသည်။

တင်ဒါကိစ္စများဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဂတိကော်မရှင်အနေနှင့်လည်း မိမိကို စစ်ဆေးခြင်းမရှိဟု အတိုင်ခံရသူ စည်ပင်သာသာယာရေးဝန်ကြီးက ပြောသည်။

“ သူ့ဘက်က မကျေနပ်လို့တိုင်တဲ့ ကိစ္စလေ။ (အဂတိ) မြောက်ရင် အရေးယူမယ်။ မမြောက်ရင် အရေးမယူဘူးပေါ့။ ဒါပဲရှိတယ်လေ။ ငါလည်း မကျေနပ်ရင် တိုင်ကြားမယ်။ မှန်မမှန်ကတော့ ကော်မရှင်ကဆုံးဖြတ်မှာ။ မမှန်တော့ ကိုယ်ခံပေါ့။ ကျနော့်ကို ကော်မရှင်ဘက်ကလည်း ဘာမှလည်း တုန့်ပြန်လာတာမရှိပါ” ဟု ဦးဝင်းမြင့်က ပြောသည်။

ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဝန်ကြီးဦးကျော်အေးသိန်းကို DMG ကဆက်သွယ်ခဲ့ရာတွင် အစည်းအဝေးလုပ်နေသည့်အတွက် မအားသေးဟု ပြောဆိုသည်။

တိုင်ကြားခဲ့သည့် ဝတီရွှေမြေကုမ္ပဏီအပါအဝင် ကုမ္ပဏီ (၆)ခုကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ အမည်ပျက်စာရင်းတင်သွင်းခဲ့သည်။ ယင်းကုမ္ပဏီများမှာ သက်ဆိုင်ရာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စည်းကမ်းလိုက်နာဆောင်ရွက်မှု မရှိခြင်းနှင့် လုပ်ငန်းများ အချိန်မှီပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်း မရှိဟုဆိုကာ အမည်ပျက်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သည့်လုပ်ငန်းများ မပြီးစီးခဲ့သည်ကို ပြည်နယ်လွှတ်တော်တွင် မေးမြန်းခဲ့ရာ ဝန်ကြီးဦးကျော်အေးသိန်းက တင်ပြနိုင်ခြင်းမရှိခဲ့ပေ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေတွင် “မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကိ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့်ပြုလုပ်ခြင်းကို အဂတိလိုက်စားမှုဟု ဆိုလိုသည်” ဟု ဖော်ပြထားသည်။

အလားတူ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရည်ရွယ်၍ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ဥပဒေပါပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟု သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းဖြစ်သည်ဟု သော်လည်းကောင်း၊ မမှန်မကန်သတင်းပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ဝန်ကြီးနှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားမှုနှင့်ပတ်သက်၍ ကော်မရှင်ညွှန်ကြားရေးမှူးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်စိုးက “တချို့ကိစ္စရပ်တွေ ပြည်သူလူထုအနေနဲ့ သိသင့်သိထိုက်တဲ့ ကိစ္စရပ်တွေကို ပွင့်လင်းမြင်သာစွာနဲ့ သတင်းထုတ်ပြန်ပါတယ်။ အဲလိုသတင်းထုတ်ပြန်ချက်တွေကိုပဲ ပြောပြလို့ရပါတယ်။ ဒီလိုမျိုး တစ်ချို့ဟာတွေကို ကော်မရှင်ရဲ့ကျင့်ဝတ်အရ ပြောပြလို့မရပါဘူး။ ကော်မရှင်ရဲ့ တရားဝင်အွန်လိုင်း Page မှာတင်မှပဲ ပြောခွင့်ရှိပါတယ်” ဟု ပြောသည်။

ဗီဒီယိုများ