ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုနေကြ

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ၎င်းတို့၏မိသားစုဝင်များ အပါအဝင် ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်ပြည်သူများက လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလတွင် တောင်းဆိုမှုများ ရှိလာနေသည်။

10 Feb 2021

DMG | ဖေဖော်ဝါရီ ၁၀

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ၎င်းတို့၏မိသားစုဝင်များ အပါအဝင် ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်ပြည်သူများက လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလတွင် တောင်းဆိုမှုများ ရှိလာနေသည်။

၎င်းတို့နှစ်ဦးမှာ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့် ထောင်ဒဏ်နှစ် (၂၀) ချမှတ် ခံထားကြရသည်။

ရခိုင်ပြည်သူလူထုအများစု၏ ထောက်ခံမှုကိုရရှိထားသည့် ၎င်းတို့နှစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား များအားလွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

“စစ်အာဏာသိမ်းပြီးနောက်မှာ စစ်အစိုးရဆိုရမှာပေ့ါ၊ စစ်အစိုးရကနေပြီးတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဦးထိပ်ထားတယ်ဆိုလို့ရှိရင် ရခိုင်လူထုထောက်ခံထားတဲ့ ရခိုင့် လူထုခေါင်းဆောင်ဒေါက်တာအေးမောင်အပါအဝင် စာရေးဆရာဝေဟင်အောင်တို့၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားလူငယ်တွေကိုလွှတ်ပေးလိမ့်မယ်လို့ထင်တယ်” ဟု ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူ ဒေါ်မြမြသက်က ပြောသည်။

NLD အစိုးရလက်ထပ်တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လွှတ်ပေးခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ဟောပြောချက်များသည် ဥပဒေဖြင့်ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

ယင်းနောက် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ- ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စာပေဟောပြောပွဲတွင် ဟောပြောရုံဖြင့် နိုင်ငံတော်ပုန်ကန်မှုမြောက်ခြင်းသည် များစွာရုပ်ပျက်ဆင်းပျက် ဖြစ်သည့်အတွက် ယခုအနေထားတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက် လာလိမ့်မည်ဟု ပြည်သူလူထုများကယုံကြည်နေကြကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်ကပြောသည်။

“အခုစစ်တပ်က အာဏာသိမ်းထားတယ်ဆိုတဲ့အခြေအနေမျိုးမှာ စစ်တပ်က ၁၉၈၈ ကအာဏာသိမ်းတဲ့ ပုံစံမျိုးနဲ့ သွားမယ့်အခြေအနေမျိုးကို ဖန်တီးမယ်မထင်ဘူး။ ဒါကြောင့် စစ်တပ်ဟာ NLD က လုပ်လို့မှားခဲ့တဲ့ အကြောင်း အရာတွေကို ပြန်ပြီးတည့်မတ်ဖို့လိုတယ်လို့မြင်နေတယ်။ ကျနော်ကိုယ်တိုင်လည်း အဲလိုမြင်ပါတယ်” ဟု သူကဆိုသည်။

လက်ရှိတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ အကျဉ်း ကျနေသည်မှာ (၂)နှစ်နီးပါးကျော် ရှိလာပြီဖြစ်သည်။

ဒေါက်တာအေးမောင်အပေါ်မတရားချမှတ်ခဲ့သော ပြစ်ဒဏ်များအားလက်ရှိ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ လွှတ်ပေးနိုင်ရေးအတွက် ရခိုင့်ဦးဆောင်ပါတီကိုယ်စား ပါတီ ဒုတိယဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ စာရေးသားပေးပို့ တောင်းဆိုထားကြောင်း လက်ရှိ အရေးပေါ်ကာလ အပြောင်းအလဲများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၆ ရက်နေ့ AFP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် နိုင်ငံရေးတင်းမာမှုများလျော့ချစေချင်သည့် သဘောထား များကိုမြင်ရသည့်အတွက် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်လာနိုင် သည်ဟု အကြမ်းဖျင်းမျှော်လင့်၍ရကြောင်း AFP ပါတီတာဝန်ရှိသူများက DMG ကို ပြောဆိုထားသည်။

ယင်းအပြင် ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးအား ပြန်လွှတ်ပေးရေးမှာ ရခိုင့်ဦးဆောင်ပါတီ၏ အစဉ်တစိုက်တောင်းဆိုချက်ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ရခိုင်အမျိုးသားပါတီ(ANP)ကလည်း ဒေါက်တာာအေးမောင်၊ စာရေးဆရာဝေဟင်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား အကြွင်းမဲ့လွှတ်ပေးရေးကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဗီဒီယိုများ