ဒေါက်တာအေးမောင် လွတ်မြောက်ရေး ရခိုင်လူထုကြိုးပမ်း၊ ဆန္ဒလက်မှတ်များကို သမ္မတနှင့် အတိုင်ပင်ခံထံ ပေးပို့

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် ကောက်ခံရရှိသည့် လက်မှတ် (၁၃၅ ) ခုကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က အစိုးရထိပ်ပိုင်းခေါင်းဆောင်များထံ ပေးပို့တင်ပြလိုက်ပြီဖြစ်သည်။

By မင်းထွန်း 16 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၁၆၊ စစ်တွေ

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် ကောက်ခံရရှိသည့် လက်မှတ် (၁၃၅ ) ခုကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က အစိုးရထိပ်ပိုင်းခေါင်းဆောင်များထံ ပေးပို့တင်ပြလိုက်ပြီဖြစ်သည်။

အင်တာနက်မှ ကောက်ခံရရှိသည့် ပြည်တွင်း၊ ပြည်ပ အသီးသီးမှ အဆိုပါလက်မှတ်များကို ရန်ကုန်မြို့ စမ်းချောင်းစာတိုက်မှ တစ်ဆင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့လိုက်ပြီဟု လက်မှတ်များကောက်ခံသူတစ်ဦးလည်းဖြစ်၊ စစ်တွေအခြေစိုက် နိရဉ္စရာ သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးခိုင်မြတ်ကျော်က ပြောသည်။

“သူတို့ (ဒေါက်တာအေးမောင်နှင့်စာရေးစရာ ဝေဟင်အောင်) ဟာ မတရားသဖြင့် အဖမ်းခံထားရတယ်၊ ပြီးရင် ထောင် နှစ် ၂၀ ချမှတ်ခံထားရတယ်။ ဒါကြောင့် သူတို့ လွတ်မြောက်ရေးအတွက် ကျနော်တို့မှာ တာဝန်ရှိတယ်၊ ကျနော်ဟာ ရခိုင်သားတစ်ယောက်ဖြစ်တဲ့အတွက် သူတို့လွတ်မြောက်ဖို့အတွက် ကြားဝင်ပြီးတော့ မည်သည့် နိုင်ငံရေးပယောဂမှမပါ၊ မည်သည့်ပါတီစွဲမှမပါဘဲ ပြည်သူတစ်ယောက်အနေနဲ့ ဦးဆောင်ပြီးလုပ်ဆောင်တာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က လက်မှတ်များကို အွန်လိုင်းမှ စတင်ကောက်ခံခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ လက်မှတ် (၁၃၅ ) ခု လက်ခံရရှိသည့်အတွက် လက်မှတ်များအားလုံးကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်မြတ်ကျော်က ရှင်းပြသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များသည် ဥပဒေဖြင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

ယင်းနောက် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅ (ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့ခြင်းဖြစ် သည်။

ယင်းကဲ့သို့ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ထောင်ဒဏ်များချမှတ်လိုက်ခြင်းကို ရခိုင်ပြည်သူလူထုများအနေဖြင့် သူတို့၏ ခေါင်းဆောင်များကို မတရားသဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ခံယူနေသူများရှိကြောင်း ဦးခိုင်မြတ်ကျော်က ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းစေရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို လိုလားပြီး တည်ဆောက်ချင်လျှင် ၎င်းတို့နှစ်ဦးလွှတ်ပေးရန် လိုအပ်ကြောင်းဆိုသည်။

“သူတို့ (ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်) ကို ဘာကြောင့် ဖမ်းဆီးရတယ်၊ ဘာကြောင့် ထောင်ချရတယ်ဆိုတာကို လက်ရှိအစိုးရက ပိုပြီးသိတယ်။ နိုင်ငံရေးတစ်ခုရဲ့ လိုအပ်ချက်အရ သူတို့ကို ထိန်းသိမ်းထားတယ်လို့မြင်တဲ့အတွက် မကြာခင်လွတ်လာလိ့မ်မယ်လို့ ယုံကြည်မျှော်လင့်ထားတယ် ” ဟု ဦးခိုင်မြတ်ကျော်က ပြောသည်။

လက်ရှိတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ အကျဉ်း ကျနေသည်မှာ တစ်နှစ်ခွဲကျော်ရှိလာပြီဖြစ်သည်။

သို့သော် ၎င်းတို့နှစ်ဦး လွတ်မြောက်ရေးမှာ ငြိမ်းချမ်းရေးဖြစ်ထွန်းတိုးတက်မှုအပေါ်တွင် မူတည်ကြောင်း လက်ရှိအာဏာရပါတီလည်းဖြစ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ထပ်မံအစိုးရဖွဲ့နိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်က DMG ကိုပြောဆိုထားသည်။  

ဗီဒီယိုများ