ဝင်းနှင့့်ဇော်အတွက် ရခိုင်အမျိုးသားပါတီမှ အသနားခံစာတင်မည်

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဆိုသည်။

05 Sep 2019

Photo - khaosodenglish.com

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၅ ၊ စစ်တွေ

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဆိုသည်။

ANP ပါတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခု အသနားခံစာ တင်သွားမည်ဖြစ်ပြီး တင်မည့်နေ့ကို မသိရှိရသေးပေ။

“ဘယ်နေ့တင်မလဲ ဆိုတာကိုတော့ မပြောနိုင်သေးဘူး။ ပြုစုနေတုန်းပါ။ ဘုရင်ထံကို တင်မလား၊ ဝန်ကြီးချုပ် ကနေတစ်ဆင့် တင်မလားဆိုတာကို နွေးဆွေးနေတုန်းဖြစ်တယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်လူငယ်စုံတွဲ အသက် (၂၃)နှစ်အရွယ် Hannah Witheridge နှင့် (၂၄)နှစ်အရွယ် David Miller တို့ သတ်ဖြတ်ခံရမှုဖြင့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှုအပါဝင် အမှု ၇ ခုဖြင့် ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချက်မှတ်ခဲ့သည်။

သေဒဏ်ပေးခံရသူနှစ်ဦးမှာ ပြစ်မှုတစ်စုံတရာ ကျူးလွန်ခဲခြင်းမရှိကြောင်း၊ ထိုင်းရဲများက အတင်းညှင်းပန်း နှိပ်စက်ကာဝန်ခံခိုင်း၍ ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လက်နက်ပေါ်မှတွေ့ရှိသည့် DNA နှင့်လည်း မတူညီကြောင်း စသည်အကြောင်းများဖြင့် ထိုင်းတရားရုံးအဆင့်ဆင့်ကို အယူခံဝင်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။

ထိုသို့ သေဒဏ်ပေးခြင်းခံထားရသည့် ဝင်းနဲ့ဇော်မှာ ရခိုင်လူမျိုးများဖြစ်သဖြင့် ရခိုင်အမျိုးသားပါတီတွင်လည်း တာဝန်ရှိကြောင်း ဒေါ်အေးနုစိန်က ဆိုသည်။

“ရခိုင်ပါတီတစ်ခုအနေနဲ့ ရခိုင်တွေ သေဒဏ်ချမှတ်ခံထားရတာတွေကို အစွမ်းကုန်ကူညီပေးသင့်တဲ့ တာဝန် ရှိတယ်။ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးတာပါ” ဟု ၎င်းကပြောသည်။

ဝင်းနဲ့ဇော်တို့အတွက် အသက်ဘေးမှ လွတ်မြောက်ရန်မှာ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွင်း ခြင်းသည် နောက်ဆုံးအဆင့်လည်းဖြစ်သည်။

သေဒဏ်ပေးခြင်းခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား သက်ညှာပေးရန် စဉ်းစားပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီးမင်းအောင်လှိုင်ကလည်း ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၃ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန် ထားသည်။

အလားတူ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ထိုင်းငံနိုင်ငံအကြီးအကဲများထံ မေတ္တာ ရပ်ခံထားကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာလ ၂ ရက်နေ့တွင် မီဒီယာများအား ပြောကြားခဲ့သည်။

ဝင်းနဲ့ ဇော်တို့နှစ်ဦးကို အသက်ဘေးမှလွတ်မြောက်ပေးရန် စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ရဟန်းရှင်လူတချို့က မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြသည်။

ဗီဒီယိုများ