ရခိုင်ပြည်ငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်တို့ ပြိုင်တူခြေလှမ်းနေကြပြီဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌပြော

ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်လွှတ်တော်တို့ ပြိုင်တူခြေလှမ်း နေကြပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

By မင်းထွန်း 20 Jan 2021

မင်းထွန်း | DMG
ဇန်နဝါရီ ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်လွှတ်တော်တို့ ပြိုင်တူခြေလှမ်း နေကြပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ဒုတိယအကြိမ်၊ ရခိုင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များတင်သွင်းခဲ့သည့် အဆိုသုံးခုစလုံးကို လွှတ်တော်ကအတည်ပြုနိုင်ခဲ့သည်။

ယင်းအဆိုသုံးခုလုံးသည် ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုသည့် အဆိုများဖြစ်သည့်အတွက် ကန့်ကွက်သူမရှိဘဲ စုံစုံညီညီအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“အထူးသဖြင့် ULA/AA ကို အကြမ်းအဖက်အဖွဲ့မှ ပယ်ဖျက်ပေးသင့်ကြောင့်အဆိုကို တပ်မတော် ဘက်ကရော၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကပင် ကန့်ကွက်မှုတစုံတစ်ရာမရှိခဲ့ဘူး။ ဒါတွေဟာ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် တပ်မတော်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်တို့ဟာ ပြိုင်တူခြေလှမ်း လှမ်းနေ ကြပြီလို့ပြောလို့ရတယ်”ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် နောက်ဆုံးနေ့ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ပြည်သူများမှ ထောက်ပံ့သည့်ငွေများကို ငါးနှစ်တိတိသုံးစွဲခဲ့သည့်အထဲတွင် တစ်လလျှင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် သိန်းသုံးဆယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ငါးသိန်း၊ ဝန်ကြီးချုပ်အနေဖြင့် သိန်းဆုံးဆယ်၊ ဝန်ကြီးများအနြေဖင့် သိန်းနှစ်ဆယ် အသီးသီးခံစားခဲ့ရသော်လည်း တာဝန် ကျေခဲ့ကြသလားကို စဉ်းစားဖို့လိုအပ်ကြောင်းလည်း လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

“မကြာမီကျနော်တို့ ဒီနေရာကိုစွန့်ခွာရတော့မယ်။ သို့သော် ကျနော်တို့တာဝန်ကျေခဲ့ကြပါသလား၊ စဉ်းစားဖို့ လိုပါတယ်။ ဘယ်သူက တာဝန်ကျေပွန်ပါတယ်လို့ လက်မထောင်ပြီးပြောနိုင်တဲ့လူ ဒီအစည်းအဝေးခန်းမထဲမှာ မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ဟာ မိမိတို့ရဲ့တာဝန်မကျေပွန်မှုကို အကြွေးဆပ်တဲ့အနေနဲ့ ချေးငွေမရတဲ့၊ ထောက်ပံ့ကြေးငွေမရတဲ့ နိုင်ငံရေးတွေမှာ နိုင်ငံရေးလုပ်ငန်းတွေမှာ ကျနော်ဆို့ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်း လိုပါတယ်၊ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု သူကပြောသည်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ ၇ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ၅ နေရာ(ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးအပါအဝင်)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ၂ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၁ နေရာ၊ စုစုပေါင်း ၁၅ နေရာ အသီးသီးအနိုင်ရရှိခဲ့ကြသည်။

ထို့ကြောင့် လာမည့်တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးတို့ တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

ယင်းလွှတ်တော်ကိုယ်စားလှယ်များထဲတွင် အသက် ၆၀ ကျော်အရွယ် ၂ ဦး၊ အသက် ၄၀ အောက် ၃ ဦးနှင့် အသက် ၄၀ ကျော်နှင့် ၅၀ ကျော်အရွယ် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးပါဝင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးရဲ့ ပျမ်းမျှအသက်ကို ကြည့်လိုက်ရင် ပျမ်းမျှအသက်က ၄၈ ဖြစ်တဲ့အတွက် လူလတ်ပိုင်းတွေများတဲ့ လွှတ်တော်ဖြစ်တယ်။ ဒါကြောင့် လူလတ်ပိုင်းတွေများပြီး ဖြစ်ပေါ်လာမယ့် ရခိုင် ပြည်နယ်လွှတ်တော်ဟာ အခုကျနော်တို့ထက်ပိုပြီးတော့ တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။ ထမ်းဆောင်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်”ဟု ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်တွင် ANP ၂၂ ဦး၊ NLD ၉ ဦး၊ USDP ၃ ဦးနှင့် တစ်သီးပုဂ္ဂလတစ်ဦး၊ ရွေးကောက်ခံကိုယ်စားလှယ်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ၄၇ ဦး ရှိခဲ့သည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်မှ မြို့နယ်ကိုးမြို့နယ်နှင့် တခြားမြို့နယ်နှစ်ခုမှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)ခုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သဖြင့် ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးသာ တတိယ အကြိမ် ရခိုင်ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ယင်းနေ့တွင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။

ဗီဒီယိုများ