ရခိုင်တွင် စစ်ဘေးရှောင်များအတွက်ရန်ပုံငွေရရှိရန် ဂီတဖျော်ဖြေပွဲကျင်းပမည်

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရရှိနိုင်ရန် Women Generation အဖွဲ့မှဦးဆောင်၍ စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ဂီတဖျော်ဖြေပွဲကျင်းပမည်ဖြစ်သည်။

28 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၈

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရရှိနိုင်ရန် Women Generation အဖွဲ့မှဦးဆောင်၍ စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ဂီတဖျော်ဖြေပွဲကျင်းပမည်ဖြစ်သည်။

ဂီတဖျော်ဖြေပွဲတွင် ရခိုင်လူငယ်အဆိုရှင်များဖြစ်သည့် အာမီယာန်၊ ရီယာန်ကို၊ ဇော်မျိုးအောင်နှင့် OTR Band/Catch De White Dove Band တို့မှ ဖျော်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဂီတဖျော်ဖြေပွဲကို စစ်တွေမြို့၊ ပြည်ထောင်စုလမ်းရှိ Country House Bar (or) Restaurant တွင် ညနေ ၇ နာရီမှ ၁၀ နာရီအထိပြုလုပ်သွားမည်ဖြစ်ပြီး ပွဲလာရောက်ကြည့်ရှုသူများအနေဖြင့် စေတနာရှိသည့်အတိုင်း ငွေကြေး များလှူဒါန်းနိုင်သည်ဟု Women Generation မှ ဒါရိုက်တာ မခင်မြင့်ဇော်ကပြောသည်။

“အလှူခံလို့ရလာတဲ့အလှူငွေကို စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့နေရာမှာအသုံးပြုမယ်။ လာရောက်တဲ့သူတွေအနေနဲ့လည်း အလှူငွေကို သဒ္ဒါသလောက်လှူဒါန်းလို့ရပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေကောက်ခံမည့်အလှူခံဗုံးကို ဂီတာဖျော်ဖြေသူများအနီးတွင်ထားရှိမည်ဖြစ်ကြောင်းလည်း Women Generation မှ သိရသည်။

ဂီတာဖျော်ဖြေပွဲသို့ လာရောက်သူများအနေဖြင့် စားသောက်စရိတ်ကို မိမိကိုယ်ကိုရှင်းရမည်ဖြစ်သည်။

ယင်းကဲ့သို့ကျင်းပပေးခြင်းမှာ စစ်ဘေးရှောင်များအတွက် အထောက်အကူပြုပြီး ကောင်းမွန်သည့်လုပ်ရပ်တစ်ခုဖြစ်သည်ဟု  စစ်တွေဒေသခံ ကိုမျိုးသန့်ကပြောသည်။

“ဒီလိုလုပ်လိုက်တဲ့အတွက် စစ်ဘေးရှောင်တွေမှာ အကျိုးတစ်ခုရသွားတာပေါ့။ သူတို့လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးနိုင်တာပေါ့ “ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် မိမိနေရပ်ကိုမပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်းရှစ်သောင်းကျော်ကျန်ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏စာရင်းအရ သိရသည်။

ဗီဒီယိုများ