စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်ထားသည်မှာ လတာရှည်လာသဖြင့် အလုပ်သမားများ စားဝတ်နေရေး အခက်ကြုံ

ယခုနှစ် ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ရောက်ရှိလာသည့် နယ်စပ်ကုန်သွယ်ရေး ရေယာဉ်ပေါ် လိုက်ပါလာသူတစ်ဦးထံတွင် ကိုဗစ်-19 ရောဂါပိုးတွေ့ရှိပြီးနောက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်သည်။

By မြတ်ဆွေ 27 Nov 2020

မြတ်ဆွေ | DMG
နိုဝင်ဘာ ၂၇ ၊ စစ်တွေ

ယခုနှစ် ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ရောက်ရှိလာသည့် နယ်စပ်ကုန်သွယ်ရေး ရေယာဉ်ပေါ် လိုက်ပါလာသူတစ်ဦးထံတွင် ကိုဗစ်-19 ရောဂါပိုးတွေ့ရှိပြီးနောက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်သည်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်-စစ်တွေ၊ စစ်တွေ-မောင်တော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ရပ်နားထားသည်မှာ ငါးလနီးပါးအထိ ကြာမြင့်လာပြီဖြစ်သဖြင့် နယ်စပ်ကုန်သွယ်ရေးကိုမှီခိုပြီး အသက်မွေး ဝမ်းကျောင်းပြုနေကြသည့် အခြေခံအလုပ်သမားများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့ နေကြရသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ထားသဖြင့် အလုပ်ပုံမှန်မလုပ်ကိုင်ရတော့ဘဲ အခြားအလုပ်များကို ပြောင်းရွှေ့လုပ်ကိုင်နေကြသော်လည်း အဆင်မပြေကြောင်း ကုန်တင်ကုန်ချလုပ်ကိုင်နေသည့် ဒေါ်မိုးနတ်စံက ဆိုသည်။

“အလုပ်လုပ်ရတာက ပင်ပန်းပြီးတော့ သိပ်အဆင်မပြေဘူး။ လုပ်တာတာက ပင်ပန်းပြီးတော့ ရတဲ့လုပ်အားခက နည်းတယ်။ ဝင်ငွေနဲ့ထွက်ငွေ မကိုက်ဘူး။ စားဝတ်နေရေးက အဆင်မပြေဘူး။ အိမ်မှာနှစ်ယောက်ရှိရင် သုံးယောက်လုပ်အားလောက် လိုတယ်။ အဆင်မပြေဘူး။ တတ်နိုင်သလောက်တော့ အလုပ်ထွက်လုပ်ရတာပေါ့” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာနေ ဒေါ်မိုးနတ်စံမှာ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်တင် ကုန်ချအလုပ်သမားအဖြစ် လုပ်ကိုင်လာသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သည်။

“ရောဂါဖြစ်တဲ့အတွက် လမ်းကြောင်းတွေက ပိတ်ထားတယ်ဆိုတော့ အလုပ်က ပုံမှန်မရှိဘူးလေ။ ကျွန်မတို့ အတွက် စားဝတ်နေရေးက အခက်အခဲတွေရှိတယ်။ သားတွေသမီးတွေနဲ့ဆိုတော့ ဝင်ငွေရှိမှ ထမင်းစားရမှာပေါ့။ အလုပ်တွေက ပိတ်ထားတာမှာ ပိုပြီးတော့ အဆင်မပြေဘူး။ အလုပ်ကသာမရှိ၊ တစ်ဖက်မှာလည်း ကုန်ဈေးနှုန်း တွေက တက်လာတယ်။ လုပ်အားခကလည်း တနေ့လုပ်မှ လေးငါးထောင်လောက်ပဲရတယ်။ ကုန်ဈေးနှုန်းက မြင့်နေတော့ အဆင်မပြေဘူး” ဟု ဒေါ်မိုးနတ်စံက ဆိုသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ထားသော်လည်း ပြည်တွင်းကုန်သွယ်ရေးဖြစ်သည့် ရန်ကုန်မှ ကုန်တင်သင်္ဘောများ၊ မော်တော်ဘုတ်များမှာ တစ်ခါတစ်ရံ ဆိုက်ရောက်လာတတ်ကြောင်း ကုန်တင်ကုန်ချ လုပ်သားများထံမှ သိရသည်။

သို့သော် အလုပ်သမားဦးရေများပြားသည့်အတွက် အလှည့်ကျလုပ်ကိုင်နေရပြီး တစ်လလျှင် တစ်ကြိမ်သာ အလုပ်လုပ်ရသည်ဟု အလုပ်သမားများက ပြောသည်။
 

“COVID-19 ရောဂါကြောင့် အလုပ်ကလည်း အခုတစ်ခေါက်လုပ်ပြီးရင် နောက်တစ်လလောက် ကြာသွားတယ်။ ဒီနေ့တစ်ရက် ကျမလုပ်ပြီးရင် နောက်ရက်မှာ တခြားတစ်ယောက်လုပ်ရမယ်။ ဘုတ်တစ်စီးထွက်သွားလို့ တစ်လလောက်ကြာမှ အလုပ်လုပ်ရပါတယ်။ ဒီတော့ အိမ်ရဲ့စားဝတ်နေရေးက အဆင်မပြေဘူး။ တစ်ရက်မှာ လုပ်အားခ ၅ ထောင်လောက်ရပါတယ်။ ၅ ထောင်နဲ့ ဟင်းဝယ်ငါးဝယ်ဆိုတော့ မလုံလောက်ဘူး ဖြစ်နေတယ်” ဟု ကုန်တင်ကုန်ချလုပ်ကိုင်နေသူ မသန်းနွဲ့က ဆိုသည်။

ယခင်က နယ်စပ်ကုန်သွယ်ရေးမပိတ်မီ အလုပ်ပုံမှန်ရှိသည့်အတွက် အလုပ်သမားတစ်ဦး၏ တစ်ရက် လုပ်အားခမှာ တစ်သောင်းကျော်အထိ ရှိခဲ့သည်။

လက်ရှိတွင် အလုပ်ပုံမှန်မရှိတော့သဖြင့် ကုန်မချရသည့်နေ့များတွင် ရပ်ရွာအတွင်း ပန်းရံ၊ ကျောက်ထမ်း၊ သဲထမ်း စသည့်အလုပ်သမားများကို လုပ်ကိုင်ကြရကြောင်း သိရသည်။

“တခြားအလုပ်တွေက ရွာမှာဆိုရင် ပန်းရံလုပ်ရတယ်။ သဲထမ်း၊ ကျောက်ထမ်း တစ်ရက်မှာ လေးငါးထောင် လောက်ပဲရတယ်။ ပင်ပန်းပေမဲ့ ကိုယ့်စားဝတ်နေရေးအတွက် လုပ်ရတာပဲလေ။ စားဖို့သောက်ဖို့က အရေးကြီး တယ်လေ။ ပုံမှန်အလုပ်မရှိတော့ နောက်တစ်ခုလုပ်ရတယ်” ဟု ဒေါ်မသန်းနွဲ့က ဆိုသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်ထားသည့် ရွှေမင်းဂံဆိပ်ကမ်းတွင် အလုပ်သမားငါးရာကျော်ရှိပြီး နယ်စပ် ကုန်သွယ်ရေးကို အဓိကထားကာလုပ်ကိုင်နေကြသည့် အလုပ်သမား သုံးရာကျော်ရှိသည်။

၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နှင့် မောင်တောကုန်သွယ်ရေးစခန်းကို ကုန်ပစ္စည်းများပို့ဆောင်/သွင်းယူနေသည့် ဓညဝတီငွေတင်းပြည့်ကုမ္ပဏီ၊ မာစီးတီးကုမ္ပဏီနှင့် တီသုံးလုံးကုမ္ပဏီတို့ကိုမှီခိုပြီး အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူထံမှ သိရသည်။

လက်ရှိမှာ သင်္ဘောများမထွက်ရသည့်အတွက် ကုမ္ပဏီအသီးသီးမှာလည်း ငွေကြေးဆိုင်ရာ အခက်အခဲများ ရှိနေကြောင်း ဓညဝတီငွေတင်းပြည့်ကုမ္ပဏီ မန်နေဂျာ ဦးကံကြီးက ပြောသည်။

“ကုမ္မဏီမှာက အခက်အခဲတွေရှိတယ်။ နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့အတွက် နံပါတ်တစ်က ဂိုဂေါင်တွေ ဆောက်ရတယ်။ ပြီးတော့ လှေတွေကပ်ဖို့အတွက် တံတားတွေ ထိုးရတယ်။ ဒီတံတားအခွန်ခတွေ၊ ဒီဂိုဒေါင်အခွန် အခတွေ ဆိပ်ကမ်းမှာသွင်းရတယ်ပေါ့နော်။ အလုပ်ဖြစ်နေချိန်မှာတော့ ပြဿနာမရှိဘူးပေါ့နော်။ အလုပ်မဖြစ်တဲ့ အခါကျတော့ သူဌေးတွေလည်း အခက်အခဲတွေရှိတာပေါ့။ ပြီးတော့ ဝန်ထမ်းလစာတွေ အခက်အခဲရှိတယ်။ လစာကပေးတော့ပေးတာပဲ။ ဒါပေမယ့် အလုပ်မရှိတဲ့ကြားထဲက ပေးရတာဆိုတော့ သူဌေးတွေမှာလည်း အခက်အခဲရှိတာပေါ့”ဟု ၎င်းကဆိုသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း၌ အခြားမြို့နယ်များမှ နေ့ချင်းပြန်ကုန်တင်ကုန်ချ လာရောက်လုပ်ကိုင် နေသည့် အလုပ်သမားများလည်းရှိကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပိုင်းအောင်ဇေယျကျေးရွာမှ ဦးကျော်လှိုင်က အလုပ်သမားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နယ်စပ်ကုန်သွယ်ရေးကို အမြန်ဆုံးဖွင့်ပေးရန် မျှော်လင့်နေသည်။

“နယ်စပ်ကုန်သွယ်ရေး ဖွင့်တုန်းကဆိုတော့ တစ်နေ့လုပ်ရင်ပိုက်ဆံ ၁ သောင်းလောက်ရတယ်။ အခု ပိတ်ထားတော့ တစ်ပြားမှမရဘူး။ တခြားအလုပ်ရှာလုပ်ရင်လည်း ပိုက်ဆံ ၅ ထောင်ထက်ပိုမရဘူး။ ကူးတို့ခတွေ ပေးရတယ်။ လက်ဖက်ရည်တွေသောက်တယ်ဆိုတော့ မိသားစုအတွက် ပိုက်ဆံမကျန်တော့ဘူး။ ဟိုမှာသွားဝယ် ဒီမှာသွားဝယ် အကြွေးပဲဝယ်နေရတယ်။ အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ နယ်စပ်ကုန်သွယ်ရေးကိုပဲ ဖွင့်စေချင်တယ်။ အဲဒီလို့ဖွင့်မှပဲ လက်ပေါက်လုပ်နေတဲ့ အလုပ်သမားတွေနည်းနည်းပါးပါး အဆင်ပြေမှာ? အခုတော့ ဘယ်ကစလို့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” ဟု ဦးကျော်လှိုင်က ဆိုသည်။

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ကျန်းမာရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရန်အတွက် လုပ်ဆောင်နေသည်ဟု ပြီးခဲ့သည့်ဇူလိုင်လက DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ သေဆုံးမှုနှုန်းမှာ ၀ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး လူတစ်ထောင်လျှင် ၇ ဦး သေဆုံးခြင်းဖြစ်သည်။

ရွေးကောက်ပွဲကာလတွင် လူစု၊လူဝေးဖြစ်ပေါ်ခဲ့ပြီးနောက် ပိုးကူးစက်မှုများလာနေသည့်အတွက် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ မကြာသေးမီရက်ပိုင်းက Mask ဖြန့်ဝေမှုများကို ရခိုင်က မြို့နယ် အချို့တွင်လုပ်ဆောင်ခဲ့ကြသည်။

ယင်းသို့ ပိုးကူးစက်မှုများ ဆက်လက်မြင့်တက်နေမည်ဆိုပါက ကုန်တင်ကုန်ချလုပ်သားများ အမှီပြုလုပ်ကိုင် နေကြသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာလည်း ဆက်လက်ပိတ်ထားရဦးမည်ဖြစ်သည်။

ဗီဒီယိုများ