ရခိုင်တွင် ပစ်ခတ်သံများ တစ်ဖန်ကြားလာရ၍ တိုက်ပွဲထပ်ဖြစ်မည်ကို ဒေသခံများစိုးရိမ်နေ

ရခိုင်ပြည်နယ်အတွင်းတွင် ပစ်ခတ်သံများ တစ်လနီးပါးခန့်ရပ်တန့်နေခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို တစ်ကျော့ပြန်ကြားလာရ၍ တိုက်ပွဲများထပ်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

By နှင်းနွယ် 04 Dec 2020

ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် လာရောက်ခိုလှုံနေကြသည့် နေရပ်စွန့်ခွါသူများအား တွေ့ရစဉ်။

နှင်းနွယ် | DMG
ဒီဇင်ဘာ ၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတွင် ပစ်ခတ်သံများ တစ်လနီးပါးခန့်ရပ်တန့်နေခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို တစ်ကျော့ပြန်ကြားလာရ၍ တိုက်ပွဲများထပ်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

လတ်တလောတွင် ရသေ့တောင်မြို့နယ်ရှိ အမျက်တောင်ကျေးရွာနှင့် ရေစိုးချောင်းဗျူဟာတို့မှ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုများရှိ‌နေ၍ နေရပ်ပြန်လာကြသူအချို့မှာ စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်တိမ်းရှောင် နေကြရကြောင်း ဒေသခံများကပြောသည်။

ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းညွှန့်ရွှေက “ဒေသတည်ငြိမ်တယ်။ ငြိမ်းချမ်းရေးယူထားတယ်ဆိုပြီး ပြန်လာကြတာ။ အခု လက်နက်ငယ်တွေနဲ့ လှမ်းပစ်လို့ စပါးတောင်မရိတ်ရဘူး။ ရွာသားတွေ ထမင်းငတ်တော့မယ်။ ဒါကြောင့် စပါးမရိတ်ရမယ့်အတူတူ စစ်ဘေးရှောင်စခန်းကိုပဲ ပြန်သွားရတော့ မှာပေါ့။ အနီးအနားရွာကလူတွေလည်း တိုက်ပွဲတွေထပ်ဖြစ်မှာကို စိုးရိမ်ပြီးတော့ ပြန်ထွက်ပြေးနေကြပြီ” ဟု DMG သို့ ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာနှင့် မောင်ဖြူကျေးရွာတို့မှ ဒေသခံများမှာလည်း တိုက်ပွဲများ ထပ်ဖြစ်လာမည်ကိုစိုးရိမ်၍ နီးစပ်ရာနေရာများသို့ တိမ်းရှောင်သွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“ပစ်ခတ်သံတွေလည်းကြားရတယ်။ ပြီးတော့ တပ်မတော်ရေယာဉ်တွေကလည်း ပစ္စည်းတွေချနေတော့ အရင်လို တိုက်ပွဲတွေဖြစ်လာမလားဆိုပြီး ကြောက်ပြီးတော့ပြေးသွားကြတာ။ လယ်သမားတွေလောက်ပဲ ကျန်ခဲ့တယ်။ စပါးရိတ်လို့ရမလားဆိုပြီး စောင့်ရင်းကျန်ခဲ့သေးတာပေါ့၊ တခြားအမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေကတော့ ပြေးသွားကြပြီ” ဟု ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝေသိန်းက ဆိုသည်။

ယခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်နေ့အထိ တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ကြေငြာထား သော်လည်း အေအေနှင့်တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ ပါဝင်မှုမရှိပေ။

AA ကမူ မြန်မာ့တပ်မတော်အနေဖြင့် ကုန်းလမ်း၊ ရေလမ်းများမှ လက်နက်ခဲယမ်းရိက္ခာများကို ယခုရက်များတွင် ဆက်တိုက်ပို့ဆောင်နေသောကြောင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများ စိုးရိမ် နေကြောင်း ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်အတွင်း ပြုလုပ်နေသော တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုရပ်တန့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကိုကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့်ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း AA ၏ နိုဝင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်းထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု လျော့နည်း လာခဲ့သည်။

ထိုသို့တိုက်ပွဲများလျော့ကျကာ ဒေသတည်ငြိမ်နေသည့်အတွက် စစ်ဘေးရှောင်များမှာ နေရပ်ပြန်နိုင်ရန် မျှော်လင့်နေကြပြီး ၎င်းတို့နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟုလည်း ပြည်နယ်အစိုးရ အဖွဲ့က ပြောဆိုထားသည်။

သို့သော် လက်ရှိတွင် ကျေးရွာများအနီး၌ တပ်မတော်စစ်ကြောင်းများ သွားလာနေခြင်းများရှိသလို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်မှုများရှိလာ၍ စစ်ဘေးရှောင်များမှာ နေရပ် ပြန်ရန် စိုးရိမ်နေကြသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ပထမတုန်းကတော့ ဒေသလည်း နည်းနည်းငြိမ်နေတဲ့အတွက် ရွာမှာကျန်ခဲ့တဲ့ စပါးတွေကို ရိတ်သိမ်းမယ်ဆိုပြီး ယာယီပြန်သွား ကြတာပေါ့။ နောက်တော့ပစ်ခတ်မှုတွေ တဖြည်းဖြည်းမရှိတော့တဲ့အတွက် ယာယီပြန်တာကနေတဆင့် တာရှည် နေထိုင်ဖို့မျှော်လင့်လာကြတယ်။ အခုလို ပစ်ခတ်မှုတွေပြန်ရှိလာတော့ သူတို့တွေအနေနဲ့ နေရပ်ပြန်သွားဖို့ အခြေအနေက မျှော်လင့်ချက်နည်းသွားတာပေါ့” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့တွင်လည်း နိုဝင်ဘာလ ၂၉ ရက်နေ့က လက်နက်ငယ်ပစ်ခတ်မှုများရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။

“သူတို့(တပ်မတော်)က စခန်းကနေပြီးတော့ လက်နက်ငယ်တွေနဲ့ပစ်တာ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာတော့မရှိပါဘူး။ သူတို့ဘာသူတို့ လုံခြုံရေးအရပစ်တာထင်တယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထားထည့်သွင်းစဉ်းစားကာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကနဦးခြေလှမ်းအနေဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့က နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ Online မှတစ်ဆင့် မိနစ် ၃၀ အတွင်း ဆွေးနွေးခဲ့ကြကြောင်း AA က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နှစ်ဖက်စလုံးအနေဖြင့်ရရှိထားပြီးသော အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက် ထိန်းသိမ်းသွား ကြရန်အချက်ကိုလည်း အကြမ်းအားဖြင့်ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

ဆက်လက်ပြီးလည်း တပ်မတော်နှင့် AA တို့ နှစ်ဖက်လူချင်းတွေ့နိုင်မည့်အခြေအနေတစ်ရပ်ကိုပါ ဆက်လက် ဆွေးနွေးညှိနှိုင်းနေကြောင်း AA ၏ ထုတ်ပြန်ချက်က ဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု (၂)နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေမှာ နိုဝင်ဘာလ ၂ ရက်နေ့အထိ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်ရှိခဲ့သည်။

သို့သော် နယ်မြေတည်ငြိမ်မှုကြောင့် နေရပ်ပြန်ကြသူများရှိသဖြင့် လက်ရှိ ဒီဇင်ဘာလ ၃ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းအရသိရသည်။

ဗီဒီယိုများ