တိုက်ပွဲကြောင့် စိုက်ပျိုးရေးချေးငွေ ပြန်ဆပ်ရန် ခက်ခဲနေသူများကို အချိန်ဆိုင်းငံ့ပေးဖို့ တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေရသော ဒေသများတွင် စိုက်ပျိုးရေးစရိတ်ချေးငွေ ပြန်ဆပ်မည့်အချိန်ကို အချိန်ကာတစ်ခုထိ ဆိုင်းငံ့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့သည်။

By အောင်ထိန် 25 Dec 2019

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်

အောင်ထိန် | DMG
ဒီဇင်ဘာ ၂၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေရသော ဒေသများတွင် စိုက်ပျိုးရေးစရိတ်ချေးငွေ ပြန်ဆပ်မည့်အချိန်ကို အချိန်ကာတစ်ခုထိ ဆိုင်းငံ့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြေပုံ စသည့်မြို့နယ်များရှိ တောင်သူလယ်သမားများသည် တိုက်ပွဲကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲကြုံနေရကြောင်း အဆိုတင်သွင်းခဲ့သည့် မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“တိုက်ပွဲတွေကြောင့် နေရာဒေသတချို့မှာ မိုးစပါး မစိုက်ပျိုးနိုင်တာ၊ အောင်မြင်ဖြစ်ထွန်းတဲ့ စပါးတွေကို ရိတ်သိမ်းဖို့အချိန်ကျရောက်နေပေမယ့် ရိတ်သိမ်းဖို့မဖြစ်နိုင်တဲ့ အခက်အခဲတွေရှိနေတာ။ ဝင်ငွေမရှိတဲ့အတွက် ချေးငှား စားသောက်နေရတာကြောင့် တောင်သူလယ်သမားတွေဟာ အလွန်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ဦးလှသိန်းအောင်က ပြောသည်။

တောင်သူလယ်သမားများသည် မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဘဏ်က နှစ်စဉ်ထုတ်ချေးသော ချေးငွေကို စပါးပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ကြရပြီး လက်ရှိမှာတိုက်ပွဲများကြောင့် လယ်ယာလုပ်ငန်း အခက်အခဲဖြစ်နေသည့်အတွက် ချေးငွေကို ပြန်ဆပ်မည်ဆိုပါက လယ်သမားများအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်သွားမည်ဟု ဦးလှသိန်းအောင်က ပြောသည်။

“မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဘဏ်က နှစ်စဉ်ချေးငွေထုတ်ချေးခဲ့ပါတယ်။ အဲဒီထုတ်ချေးငွေတွေကို လယ်သမားတွေက သတ်မှတ်သည့်အချိန်ကာလအတွင်း ပြန်လည်းပေးဆပ်ရပါတယ်။ လက်ရှိကာလ ရခိုင်ပြည်နယ်မှာ အခက်အခဲတွေဖြစ်နေတာကြောင့် စိုက်ပျိုးရေးဘဏ်ချေးငွေတွေ အချိန်မှီပြန်လည်ပေးဆပ်ဖို့ မဖြစ်နိုင်ဘူး။ စိုက်ပျိုးရေးဘဏ်ချေးငွေကို အချိန်မှီပေးဆပ်မယ်ဆိုရင် လယ်သမားတွေအဖို့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်သွားလိမ့်မယ်” ဟု ၎င်းကဆိုသည်။

အဆိုနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ထောက်ခံဆွေးနွေးခဲ့ကာ ကန့်ကွက်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်က ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ခန့်ကြာမြင့်လာနေပြီး တိုက်ပွဲအကျိုးဆက်ကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တို့တွင် ရိတ်သိမ်းရန်အခက်အခဲဖြစ်နေသည့် စပါးဧကပေါင်း ၁၂၀၀၀ ကျော်အထိ ရှိနေကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ဗီဒီယိုများ