ရခိုင်စစ်ဘေးရှောင်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေးဆောင်ရွက်ရန် အခက်အခဲရှိဟု အစိုးရပြော

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့် ပတ်သက်ပြီး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ခရီးသွားလာရေး အခက်အခဲရှိနေသည်ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

By ဝင်းညွန့် 23 Mar 2020

ဝင်းညွန့် | DMG
မတ် ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့် ပတ်သက်ပြီး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ခရီးသွားလာရေး အခက်အခဲရှိနေသည်ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

သို့သော် စစ်ဘေးရှောင်စခန်းတချို့ကို ကျန်းမာရေးဌာနက ကွင်းဆင်းပြီး အသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ လုပ်ဆောင်သော်လည်း လုံလောက်မှုမရှိသေးဟု ၎င်းက ဆက်ပြောသည်။

“ဒုက္ခသည်စခန်းမှာနေတဲ့ ပြည်သူတွေ အင်မတန် သနားစရာကောင်းပါတယ်။ အစုလိုက်အပြုံလိုက် ရှိနေပါတယ်။ သူတို့ကို ပညာပေးဖို့က ကျနော်တို့မှာ ခရီးသွားလာအခက်အခဲတွေ ရှိပါတယ်။ သူတို့တွေက တီဗွီတို့ဘာတို့လည်း မကြည့်နိုင်ဘူး။ ကျနော်တို့ တတ်နိုင်သလောက်တော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိပါတယ်။ စစ်ဘေးရှောင်တွေကို ကျန်းမာရေးထောက်ပံ့နေတဲ့ ကျွန်တော်တို့ ကျန်းမာရေး အဖွဲ့အစည်းတွေရှိတယ်။ သူတို့တွေဆီကတဆင့် သူတို့ကို ဒီရောဂါ ကူးစက်နိုင်တဲ့အကြောင်းကို ပညာပေးဟောပြောတာတွေ လုပ်နေပါတယ်”ဟု ဒေါက်တာချမ်းသာက ဆိုသည်။

လူဦးရေသုံးထောင်ခန့် ခိုလှုံနေသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်များမှာ အင်တာနက်လည်း ဖြတ်တောက်ခံထားရသောကြောင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မသိရှိပေ။ ထို့ပြင် ကျန်းမာရေးဌာနကလည်း ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိသေးဟု စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

“အခု ကိုရိုနာပေါ်လာတဲ့ အချိန်မှာတော့ အရေးကြီးတဲ့အချက် ဒီရောဂါက ကမ္ဘာမှာ ကူးစက်အမြန်ဆုံးနဲ့ ပျံ့နှံ့နေတာဆိုတော့ စိုးရိမ်စရာဖြစ်နေတာ။ ဒီရောဂါ ပေါ်လာတဲ့အချိန်မှာတော့ ကျန်းမာရေးဌာနကလည်း မရောက်တော့ဘူး။ ကျွန်တော်တို့မှာ ရေဒီယိုတောင် ကောင်းကောင်းမရှိဆိုတော့ ပိုဆိုးတာပေါ့။ တစ်ဆင့်စကား ကြားရုံလောက်ပဲ။ လူစုလူဝေးနဲ့ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို စစ်ဘေးရှောင်တွေ မသိကြဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော် ရှိသည်။ စစ်ဘေးရှောင် အများဆုံးခိုလှုံနေသည့် မြို့နယ် (၈)မြို့နယ်ကို အင်တာနက် ဖြတ်တောက်ထားသောကြောင့် သတင်းအချက်အလက်ရရှိမှု ဆုံးရှုံးနေကြသည်။

ဗီဒီယိုများ