COVID-19 သတင်းအချက်အလက်ရရှိရန်ခက်ခဲနေသည့် ရခိုင်ကစစ်ဘေးရှောင်စခန်းများသို့ ရေဒီယိုများဖြန့်ဝေပေးသွားမည်

ရခိုင်ပြည်နယ်အတွင်းတွင် COVID-19 သတင်းအချက်အလက်များ ရရှိရန်အခက်အခဲဖြစ်နေသော မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် သတင်းအချက်အလက်သိရှိနိုင်ရန်အတွက် ရေဒီယိုများကို ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

By မြတ်ဆွေ 27 Aug 2020

ကျောက်တော်မြိုကပေါ်သို့ ခိုလှုံရန်ရောက်ရှိနေသည့် စစ်ဘေးရှောင်တချို့အား မေလကတါင်းက တွေ့ရစဉ်။

မြတ်ဆွေ | DMG
သြဂုတ် ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတွင် COVID-19 သတင်းအချက်အလက်များ ရရှိရန်အခက်အခဲဖြစ်နေသော မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် သတင်းအချက်အလက်သိရှိနိုင်ရန်အတွက် ရေဒီယိုများကို ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ သတင်းအချက်အလက်များကို သိရှိရန် အရေးကြီးကြောင်း ၎င်းကဆိုသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်းမှမြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အစိုးရမှ အင်တာနက် လိုင်းများကို 2G အဆင့်သာဖွင့်ပေးထားသည်။

အင်တာနက်လိုင်းအဆင်မပြေသဖြင့် ကိုဗစ်သတင်းအချက်အလက်များကိုမသိရှိနိုင်သည့်နေရာများကို ရေဒီယို များဖြန့်ဝေပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။

“အစိုးရကနေပြီးတော့ ရခိုင်ပြည်သူလူထုတွေကို သတင်းအချက်အလက်တွေ ပိတ်ပင်ထားသလိုခံစားရတယ်။ အဲတာကို ကျနော်တို့က ပုံစံမျိုးမျိုးနဲ့ကြိုးစားပေမယ့်လည်း မရရှိတဲ့အတွက် သတင်းအချက်အလက်ရရှိဖို့ လိုအပ်တဲ့အတွက် ဒီလို့ မလွှဲသာ၊ မရှောင်သာရှိတဲ့အရာတွေနဲ့ အဆင်ပြေအောင် စစ်ဘေးရှောင်စခန်းတွေကို ကူညီရတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ယခုဖြန့်ဝေပေးမည့်ရေဒီယိုများကိုမြို့နှင့်အလှမ်းဝေပြီး သတင်းအချက်အလက်များ လုံးဝမရရှိသည့်နေရာများမှ စစ်ဘေးရှောင်စခန်းများတွင်သာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းတစ်ခုစီတွင် ရေဒီယိုဆယ်လုံးခန့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။

“ကျနော်တို့ကတော့ အခုလက်ရှိအချိန်မှာ အလုံးတစ်ရာကို မတည်ထားတယ်။ နောက်ပြီး လှူဒါန်းမှုအပေါ် မူတည်ပြီးတော့ အချိုးအစားပိုင်းဆိုင်ရာ ဖြန့်ဝေသွားမဲ့အစီအစဉ်တွေရှိတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိမှာ အင်တာနက်လိုင်းအဆင်မပြေသဖြင့် COVID-19 သတင်းအချက်အလက်များကို မသိရှိရကြောင်း မြေပုံမြို့နယ်၊ စညင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူ ကိုယ်တော်နှင်းခါးကမိန့်သည်။

“အင်တာနက်လိုင်းတွေပိတ်ထားတဲ့အတွက် covid-19 ပတ်သက်လို့ သတင်းအချက်တွေကိုမသိရဘူး။ စခန်းမှာ ရှိတဲ့ တာဝန်ခံတွေဖုန်းတွေနဲ့ပဲလှမ်းပြီး မေးနေရတယ်။ လက်ရှိမှာ အစိုးရက 2G ဖွင့်ပေးထားပေမယ့် သတင်း ကြည့်လို့ မရဖြစ်နေတယ်”ဟု မိန့်သည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၇ ရက်နေ့ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၈၄ ဦးထိရှိပြီး ယင်းထဲတွင် စစ်တွေ ၁၁၄ ဦး၊ ပေါက်တော ၁၃ ဦး၊ မောင်တော ၁၃ ဦး၊ မြောက်ဦး ၁၄ ဦး၊ မြေပုံ ၆ ဦး၊ မင်းပြား ၅ ဦး၊ ကျောက်ဖြူ ၄ ဦး၊ ဘူးသီးတောင် ၆ ဦး၊ ကျောက်တော် ၆ ဦး၊ သံတွဲ ၂ ဦးနှင့် ပုဏ္ဏားကျွန်း မြို့နယ်မှ ၁ ဦးတို့ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းတွင် အစိုးရမှ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်မြို့နယ်အချို့ကို အင်တာနက်လိုင်းများဖြတ်တောက်ခဲ့သည်။

မကြာသေးမီက ယင်းမြို့နယ်များကို အစိုးရမှ အင်တာနက် 2G လိုင်းသာ ပြန်ဖွင့်ပေးခဲ့သဖြင့် သုံးစွဲ၍အဆင်မပြေဘဲ 4G ဖွင့်ပေးရန် ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။ 

ဗီဒီယိုများ