ရခိုင်ပြည်နယ်တွင် အချိန်အခါမဟုတ် မိုးရွာနိုင်သဖြင့် စစ်ဘေးရှောင်များစိုးရိမ်မှုရှိ

ယနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။

By မြတ်ဆွေ 06 Apr 2020

 

မြတ်ဆွေ | DMG
ဧပြီ ၆ ၊ စစ်တွေ

ယနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းကာလအတွင်းတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့တွင်လည်း နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်အထိ ရှိနေသည်။ လက်ရှိတွင် စစ်ဘေးရှောင်စခန်းတစ်ချို့တွင် အမိုးအကာများ ပျက်စီးနေပြီဖြစ်သဖြင့် အချိန်အခါမဟုတ် မိုးရွာလျှင် စစ်ဘေးရှောင်များ အခက်အခဲနှင့်ကြုံတွေ့နိုင်သည်ဟု မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

“အခု လက်ရှိအချိန်မှာတော့ ခေါင်မိုးတွေက ပေါက်နေတယ်။ မိုးသာတကယ်ရွာသွန်းမယ်ဆိုရင်တော့ ခေါင်းမိုးတွေက မိုးယိုမယ်၊ စစ်ဘေးရှောင်တွေအတွက် နေထိုင်စရာမရှိ၊ အခဲအခက်တွေ တော်တော်ဖြစ်မယ်။ ဒီလိုသာ မိုးရွာလာမယ်ဆိုတော့ နေထိုင်စရာအခက်အခဲသာမက သူတို့ရဲ့စားရေးသောက်ရေးတွေလည်း အခက်အခဲဖြစ်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။

ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြု ထားသည်။

ဗီဒီယိုများ