အမ်းမြို့နယ်တွင် ကလေး(၅၀)ဦးခန့်ဖျားနေပြီး ဆေးလာကုသည့် (၄)ဦးကို ဝက်သက်သံသယလူနာဟု ဆေးရုံကသတ်မှတ်

အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှ ကလေး (၄၀)ကျော်မှာ မည်သည့်ရောဂါဖြစ်ပွားနေသည်ကို မသိရှိရသေးပေ။ လတ်တလောတွင် ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှုခံယူသည့် ကလေး(၄)ဦးကို ဝက်သက်သံသယလူနာဟု သတ်မှတ်ထားသည်။ ဆေးကုသမှုခံယူနေသူများအနက် တစ်ဦးမှာ သေဆုံးသွားပြီဖြစ်သည်။

27 Jan 2020

အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှ ကလေး (၄၀)ကျော်မှာ မည်သည့်ရောဂါဖြစ်ပွားနေသည်ကို မသိရှိရသေးပေ။ လတ်တလောတွင် ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှုခံယူသည့် ကလေး(၄)ဦးကို ဝက်သက်သံသယလူနာဟု သတ်မှတ်ထားသည်။ ဆေးကုသမှုခံယူနေသူများအနက် တစ်ဦးမှာ သေဆုံးသွားပြီဖြစ်သည်။

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဇန်နဝါရီ ၂၇၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကလေး (၅၀)ဦးခန့်ဖျားနာနေပြီး ကျောက်ဖြူခရိုင်ဆေးရုံသို့ ဆေးကုသရန် လာရောက်သည့် ကလေး (၄)ဦးကို ဝက်သက်သံသယလူနာဟု သတ်မှတ်ထားသည်။

ထိုရောဂါများမှာ ကူးစက်နိုင်သည့် ရောဂါဖြစ်သောကြောင့် လူနာများ၏ “သွေးရည်ကြည်”များကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာနသို့ ပို့ထားသည်ဟု ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာနေလင်းက DMG သို့ပြောသည်။

အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှ ကျောက်ဖြူဆေးရုံသို့ အရေးပေါ်လူနာ (၄)ဦးရောက်ရှိလာပြီး ဖျားနာဆောင်တွင် ကုသနေသည့် အသက် (၁၅)နှစ်အရွယ် တစ်ဦးသေဆုံးသွားသည်။ လက်ရှိမှာ ကလေးဆောင်တွင် (၃) ဦး ဆေးကုသမှုခံယူနေသည်ဟု ခရိုင်ဆေးရုံမှ သိရ သည်။

သလူမော်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ကလေး ၅၀ ခန့် ဖျားနာကြသည်။ ယင်းကလေးများ၏ မျက်နှာများတွင် အနီကွက်ပေါ်ထွက်ခြင်းများရှိနေပြီး ချောင်းဆိုးမှုလည်း ရှိသည်ဟု ရွာတာဝန်ခံ ဦးခင်မောင်ဝင်းက DMG ကိုပြောသည်။

“အနီရောင် အပိန့်ပိန့်တွေကတော့ မျက်နှာက စပေါ်ပြီးတော့ တစ်ကိုယ်လုံးမှာပေါ်လာတယ်။ အသက်ရှူကျပ်တယ်။ ချောင်းဆိုးတယ်။ အသက်ရှူ မဝတာတွေလည်း ဖြစ်တယ်။ နောက်ပြီးတော့ တချို့ကလေးတွေဆိုရင် နှာခေါင်းက သွေးထွက်တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဆေးရုံသို့ ဆေးကုသရန်ရောက်ရှိသည့် ကလေး(၄)ဦးကို ဝက်သက်သံသယဟု သတ်မှတ်ထားသော်လည်း ရွာမှာကျန်ရှိနေသည့် ကလေးငယ်များမှာ မည်သည့်ရောဂါဖြစ်ပွားနေသည်ကို မသိရှိရသေးပေ။

“ကလေးတွေက ဘာရောဂါဖြစ်မှန်းမသိတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောပေမယ့် လုံခြုံမှုမရှိဘူး၊ လုံခြုံမှုမရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ဆင်းမလာနိုင်ဘူး ဆိုပြီးတော့ ပြောတယ်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။

ကျေးရွာတွင်ရှိနေသည့် ကလေးငယ်များတွင် ယင်းရွာအနီးရှိ ဂဏန်းပြင်ကျေးရွာ ကျန်းမာရေးဌာနက တာဝန်ယူကုသပေးနေသော်လည်း မည်သည့်ရောဂါဖြစ်ပွားနေသည်ကို အတည်မပြုနိုင်သေးဟု ကျန်းမာရေးမှူး ဦးဝင်းဌေးက ပြောသည်။

“ကျနော်တို့က အဲဒါကို တိတိကျကျ ဘာမှပြောလို့မရသေးဘူး။အခု မြို့နယ်ကဆရာဝန်တွေကို ခေါ်ထားတယ်။ အဲဒီမှာ ဘာဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိသူတွေကို ခေါ်ထားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကျေးရွာသို့ မနက်ဖြန်(ဇန်နဝါရီလ ၂၈ ရက်)တွင် ပြည်နယ်နှင့်မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြမည်ဟု ဂဏန်းပြင်ကျန်းမာရေးဌာနမှ သိရသည်။

ဗီဒီယိုများ