ရခိုင်ပြည်တွင် ဓနိဖူးများကို သဘာဝဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ် ထုတ်လုပ်နေ

ရခိုင်ပြည် မြစ်ဝကျွန်းပေါ်ရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ပေါက်ရောက်လျက်ရှိသည့် ဓနိပင်များမှ အဖူးများကို အခြောက်လှန်းကာ သဘာဝဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ် စတင်ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။

24 Jun 2021

DMG ၊ ဇွန် ၂၄

ရခိုင်ပြည် မြစ်ဝကျွန်းပေါ်ရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ပေါက်ရောက်လျက်ရှိသည့် ဓနိပင်များမှ အဖူးများကို အခြောက်လှန်းကာ သဘာဝဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ် စတင်ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။

ဓနိဖူးများကို ရခိုင်ဒေသတွင် ရေအုန်းဖူးဟုခေါ်ကြပြီး စစ်တွေမြို့ ကမ္ဘာ့ရတနာဘဏ်အနီးတွင် လခြမ်းမြီရေအုန်းခြောက်ဟု အမည်ပေးပြီး ဓနိဖူးများကို လက်ဖက်ခြောက်အဖြစ် ရောင်းချနေကြောင်း ထုတ်လုပ်သူ ခေါ်အေးစန္ဒာဌေးက ဆိုသည်။

ဓနိဖူးများကို ဧရာဝတီနှင့် အခြားနိုင်ငံများတွင် ဆေးဖက်ဝင်အဖြစ် အသုံးပြုနေကြပြီး ရခိုင်ပြည်တွင်လည်း ဓနိဖူး အများကြီးရှိနေ၍ မည်သည့်အတွက်ကြောင့် မထုတ်လုပ်နိုင်သလဲဆိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်နေခြင်းဖြစ်သည်။

ဓနိဖူးများကို ရသေ့တောင်မြို့နယ် မယူမြစ်ကမ်းဘက်မှာရှိသည့် ကျေးရွာများမှ မှာယူပြီး စစ်တွေမြို့တွင် သေသေချာချာ သန့်စင်ကာ ဆေးဖက်ဝင်ဓနိဖူးခြောက်အဖြစ် ထုတ်လုပ်နေခြင်းဟု ဒေါ်အေးစန္ဒာဌေးက ပြောသည်။

“သူရဲ့အစွမ်းအာနိသင်ကတော့ အံမခန်းပါပဲ။ တော်တော်လေးကို အသုံးဝင်ပါတယ်။ ဆီချိုသမားတို့၊ သွေးတိုးတွေပေါ့နော်။ ကလေးတွေဆိုရင်လည်း ခန္ဓာကိုယ်မှာ အပူဝင်လာလို့ရှိရင် အဲဒီဟာကို ရေနည်းနည်းနဲ့စိမ်ပြီး သောက်ရင်အပူတွေကျတယ်။ ခေါင်းမူးတာတော့၊ ခေါင်းကိုက်တာတော့ မျက်မှန်သမားတွေဆိုရင်လည်း မျက်စိကြည်တယ်။ ခေါင်းမူးခေါင်းကိုက်တာတွေ ပျောက်တယ်။ ဘာရောဂါမှ မရှိတဲ့သူတွေလည်း သောက်သုံးလို့ရတယ်။  ဒီရေအုန်းဖူးခြောက်ကို သောက်လိုက်ရင် ဖြစ်လာမဲ့ရောဂါတွေကို အကောင်းဆုံးကာကွယ်ပေးတယ်” ဟု ပြောသည်။

ဓနိဖူးများကို ပိဿာနှင့်ဝယ်ယူပြီး ပုံစံဝင်သည့် ဓနိဖူးတစ်ပိဿာကို ရှစ်ထောင်ကျပ်ပေးကာ ပုံစံမဝင်သည့် ဓနိဖူးများကို နောက်ဈေးတစ်မျိုးဖြင့် ဝယ်ယူရကြောင်း၊ ကုန်ချောဈေးကွက်တွင် တစ်ရာကေဂျီ ဓနိဖူးခြောက်တစ်ထုတ်ကို ၃၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ပြန်လည်ရောင်းချမည့် ကိုယ်စားလှယ်များကို တစ်ရာကေဂျီတစ်ထုတ်ကို ၂၅၀၀ ကျပ်ဖြင့် ရောင်းချပေးသည်ဟု ဒေါ်အေးစန္ဒာဌေးက ပြောသည်။

လခြမ်းမြီရေအုန်းဖူးခြောက်ကို FDA ဟု ခေါ်သည့် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနသို့ ပေးပို့ထားကာ ရခိုင်ကဆရာတချို့က ဆီးချိုရောဂါဖြစ်ပွားနေသူများကို စမ်းသပ်နေသည်ဟု သိရသည်။

မြေပုံမြို့နယ်မှ ဆီးချိုရောဂါဖြစ်ပွားနေသူ ဒေါ်စိုးစိုးအောင်က ဓနိဖူးခြောက် ရခိုင်ဒေသအခေါ် ရေအုန်းဖူးခြောက်ကို အရည်ကြိုသောက်သုံးခြင်းကြောင့် ဆီးချိုရောဂါကျသွားသည်ဟု ပြောသည်။

“ကျမက လခြမ်းမြီဓနိဖူးခြောက်ကို သောက်တာ ၅ ရက်လောက်ပဲ ရှိသေးတယ်။ အရင် အပြင်းဖျားပြီး ဆီးချို ၂၂၀ တက်ပါတယ်။ ဓနိဖူးခြောက်ကို မြောက်ဦးဆေးရုံဝင်းမှာရှိတဲ့ ဈေးဆိုင်က ဝယ်ယူခဲ့ပါတယ်။ ဝယ်ယူပြီး အခုသောက်နေတာ။ ဆရာဝန်တွေကလည်း ဆေးကိုစမ်းသပ်တဲ့အနေနဲ့ ဆေးရုံကဆေးတွေကိုလည်း မပေးလိုက်ဘူး။ အဲဒီဓနိဖူးခြောက်ကို အိမ်ကိုရောက်ကတည်းကသောက်နေတာ။ သက်သာလာပါတယ်။ ဆီးချိုတိုင်းလိုက်တဲ့အခါလည်း ၁၆၀၊ ၁၂၀ အဲဒီအဆင့်လောက်ထိ ကျဆင်းလားပါတယ်။ ” ဟု ပြောသည်။

လခြမ်းမြီရေအုန်းဖူးခြောက်ကို ထုတ်လုပ်ရန် နည်းပညာများနှင့် ကုန်ကြမ်းများ လိုအပ်နေကြောင်း ဒေါ်အေးစန္ဒာဌေးက ဆိုသည်။

ဆေးဖက်ဝင် ရေအုန်းဖူးခြောက်ကို လက်ဖက်ခြောက်အဖြစ် ထုတ်လုပ်နေသည်မှာ ပြီးခဲ့သည့် မေလက စတင်ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်မနှင့် တခြားနိုင်ငံများတွင် စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများတွင် အသုံးပြုနေကြသည်။

ဗီဒီယိုများ