ဝင်းနှင့် ဇော်တို့ဘက်မှ သက်သေများတင်ပြနိုင်မှု အားနည်းခဲ့ဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အမှုတွင် တရားခံဖက်မှသက်သေများ တရားရုံးတော်သို့တင်ပြနိုင်မှု အားနည်းခဲ့ကြောင်း လိပ်ကျွန်း၊ ရနောင်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီမှ တာဝန်ခံက ဆိုသည်။

24 Sep 2019

မြတ်ဝင်းကျော် | DMG
စက်တင်ဘာ ၂၄ ၊ ရန်ကုန်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အမှုတွင် တရားခံဖက်မှသက်သေများ တရားရုံးတော်သို့တင်ပြနိုင်မှု အားနည်းခဲ့ကြောင်း လိပ်ကျွန်း၊ ရနောင်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီမှ တာဝန်ခံ ဦးကျော်သောင်းကဆိုသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် ဝင်းနှင့်ဇော်၊ ရနောင်းလူသတ်မှုတွင် စွပ်စွဲခံ မြန်မာနိုင်ငံသား ၄ ဦး မကြာမီက လွတ်မြောက်လာသည့်ကိစ္စများနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ LOTTE ဟိုတယ်တွင် အဆိုပါအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကော်စီမှ ရှေ့နေများပါဝင်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

“ခိုင်ခိုင်မာမာပြောဆိုနိုင်မယ့် မျက်မြင်သက်သေတွေကို ကျနော်တို့ ထိုင်းတရားရုံးမှာ လူလာပြီးမတင်ပြနိုင်တဲ့အတွက် ကျနော်တို့စုံစမ်းစစ်ဆေးခဲ့တဲ့အပေါ် စိတ်မကောင်းခံစားနေရပါတယ်။ ကျနော်တို့မှာ ရသင့်ရထိုက်တဲ့သက်သေတွေကို မရနိုင်ခဲ့တာဟာ အစိုးရရဲ့ပူးပေါင်းပါဝင်မရှိတာရယ်၊ ငွေရေးကြေးရေး အခက်အခဲကြောင့်တွေလည်းပါတယ် ” ဟု ဦးကျော်သောင်းက ပြောသည်။

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်ရှိ လိပ်ကျွန်းပေါ်တွင် ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသား ခရီးသွား ၂ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ယင်းကျွန်းပေါ်၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဝင်းနှင့် ဇော်တို့နှစ်ဦးကို ကော့စမွီတရားရုံးက မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှု၊ တရားမဝင်နေထိုင်မှု စသည့်တို့ဖြင့် ၂၀၁၅ ခုနှစ်က သေဒဏ်ချမှတ်ခဲ့သည်။

ဝင်းနှင့်ဇော်တို့နှစ်ဦးသည် အပြစ်မရှိကြောင်း အယူခံအဆင့်ဆင့်တက်လာခဲ့ပြီး နောက်ဆုံး တရားရုံးချုပ်သို့ တက်ခဲ့သော်လည်း ပယ်ချခဲ့သည်။

“ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးမှာ တရားရုံးချုပ်က စီရင်ချက်ချလိုက်ပြီဆိုရင် နှစ်ဖက်စလုံးက ဘာမှပြောလို့မရတော့ဘူး၊ ပြီးဆုံးသွားပြီ။ ဒါပေမယ့် ချွင်းချက်တစ်ခုအနေနဲ့ အမှုရင်ဆိုင်ခဲ့စဉ်က သက်သေအထောက်အထားနဲ့ မတူတဲ့ သက်သေအထောက်ထား အသစ်၊ ဒီအမှုမှာ သူတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ သက်သေအသစ်ပေါ်လာရင် အမှုကို ပြန်လို့အစကနေစစ်ဖို့ တောင်းဆိုနိုင်တယ် ”ဟု သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရှေ့နေအဖွဲ့က ပြောသည်။

ထိုင်းဘုရင်မင်းမြတ်ထံသို့ အောက်တိုဘာလ ၂၈ ရက်နေ့မတိုင်မီ အသနားခံစာတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်မှာ မူကြမ်းရေးထားပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ဘုရင်ထံကို အသနားခံစာတင်ရင် သေဒဏ်မဟုတ်ဘဲ ထောင်ဒဏ်အဖြစ် ပြစ်ဒဏ်ပြောင်းလဲပေးတတ်တယ်” ဟု ထိုင်းရှေ့နေက ပြောသည်။

ထိုသို့ အသနားခံစာတင်ပို့သည့်အခါ သေဒဏ်ချမှတ်ခံထားရသူတို့၏ ဇာတိမြေမှ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်း စသဖြင့် ၎င်းတို့ ၂ ဦး၏ အကျင့်စာရိတ္တကောင်းမွန်သည့် အစီရင်ခံစာကိုလည်း ပူးတွဲတင်ပို့နိုင်သလို မြန်မာနိုင်ငံ အစိုးအနေဖြင့်လည်း ထိုင်းနိုင်ငံအစိုးရထံသို့ အမှုနှင့်ပတ်သက်ကာ မစီရင်ဘဲ ဆိုင်းငံ့ထားပေးရန် မေတ္တာရပ်ခံနိုင်ကြောင်း ထိုင်းရှေ့နေများထံမှ သိရသည်။

ဗီဒီယိုများ