ကျောက်ဖြူကမ်းခြေတွင် ပင်လယ်ရေခူအများအပြား သောင်တင်သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နဒီသောင်ယံ ကမ်းခြေတစ်လျှောက်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ပင်လယ်ရေခူအများအပြား သောင်တင်သေဆုံးနေသည်ကို တွေ့ရသည်ဟု ဒေသခံများထံက သိရသည်။

By အောင်ကောင်းဇော် 17 Feb 2020

(ဓာတ်ပုံ - ရန်နိုင်ဖြိုး)

အောင်ကောင်းဇော် | DMG
ဖေဖော်ဝါရီ ၁၇၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နဒီသောင်ယံ ကမ်းခြေတစ်လျှောက်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ပင်လယ်ရေခူအများအပြား သောင်တင်သေဆုံးနေသည်ကို တွေ့ရသည်ဟု ဒေသခံများထံက သိရသည်။

ယင်းကမ်းခြေတွင် ယမန်နေ့ကလည်း ရေခူများ သောင်တင်သေဆုံးနေသည်ကို တွေ့ရပြီး ယနေ့နံနက်ပိုင်းတွင် အများအပြားသေဆုံးနေသည်ကို မြင်တွေ့ရခြင်းဟု ကျောက်ဖြူဒေသခံ ကိုမောင်မောင်ဝင်းက ပြောသည်။

“ ဖြစ်နေတာက ၁၆ ရက်နေ့ကပင် တွေ့တယ်။ ဒါပေမဲ့ ဒီနေ့လောက်မများဘူး။ ရေခူက အကောင်တော့သေးတယ်။ ဒါပေမဲ့ အခုလောက် အများအပြားသေဆုံးတာကိုတော့ တစ်ခါမှမမြင်ဖူးသေးဘူး။ ဦးဥတ္တမပန်းခြံအနားကမ်းခြေကနေ နဒီသောင်ယံကမ်းခြေတစ်လျှောက်ပဲ။ တော်တော်များတယ်” ဟု ၎င်းကဆိုသည်။

ရာသီဥတုအခြေအနေကြောင့် ရေလှိုင်းနှင့်အတူ ကမ်းကပ်လာသောကြောင့် သေဆုံးခြင်းဟု ကျောက်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးတင်ထူးက ပြောသည်။

“အခုသေတာက ကမ်းမှာသောင်တင်ပြီးတော့ သေတာပေါ့။ တစ်ခြားကြောင့် သေတာတော့မဟုတ်ပါဘူး။ အခုက လေကလည်းနည်းနည်းပြင်းတော့ လိုင်းကြီးပြီး ကျောက်ဖြူကမ်းဖက်ကို ပါလာပြီး ကမ်းမှာ သောင်တင်သေတဲ့သဘောပဲ။ အရင်တုန်းကဖြစ်ဖူးလားဆိုတော့ ရေခူ ပေါများတဲ့အခါတော့ ဖြစ်တတ်တယ်။ အခု သေတာက သေးသေးလေးတွေ စားလို့ရတဲ့အဆင့်ထိမရှိဘူး” ဟု ၎င်းကဆိုသည်။

ကျောက်ဖြူပင်လယ်ပြင်တွင် ယခုနှစ်အတွင်း ရေခူငယ်များ အမြောက်အများတွေ့ရှိရသည်ဟု ဒေသခံ ရေလုပ်သားများထံက သိရသည်။

ဗီဒီယိုများ