လွှတ်ပေးမည်ပြောထားသည့် AA နှင့်ဆက်စပ်သူများ ညနေ ၃ နာရီအထိ မလွတ်မြောက်သေး

ရက္ခိုင့်တပ်တော်(AA) အဖွဲ့ဝင်များနှင့်ဆက်စပ်သူ (၄၆)ဦးကို စစ်ကောင်စီလွှတ်ပေးမည်ဟု ကြေညာထားသောကြောင့် မိသားစုဝင်များမှ စစ်တွေအကျဉ်းထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေကြသော်လည်း နေ့လယ် ၂ နာရီကျော်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှတ်ပေးခြင်းမရှိသေးဟု သတင်းရယူနေသည့် DMG သတင်းထောက်များကပြောသည်။

12 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၂

ရက္ခိုင့်တပ်တော်(AA) အဖွဲ့ဝင်များနှင့်ဆက်စပ်သူ (၄၆)ဦးကို စစ်ကောင်စီလွှတ်ပေးမည်ဟု ကြေညာထားသောကြောင့် မိသားစုဝင်များမှ စစ်တွေအကျဉ်းထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေကြသော်လည်း နေ့လယ် ၂ နာရီကျော်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှတ်ပေးခြင်းမရှိသေးဟု သတင်းရယူနေသည့် DMG သတင်းထောက်များကပြောသည်။

“အေအေနဲ့ဆက်စပ်သူတွေ လွတ်လာတာ မတွေ့သေးဘူး။ တခြားအမှုနဲ့ အကျဉ်းကျနေသူ ၇ ဦးလောက်တော့ လွတ်လာတာတော့တွေ့တယ်”ဟု သတင်းရယူနေသည့် DMG သတင်းထောက်တစ်ဦးကပြောသည်။

၎င်းတို့ကိုပြန်လွှတ်ပေးမည့်အခြေအနေနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကို DMG က ဆက်သွယ်ခဲ့ရာ မည်သည့်အချိန်တွင်လွှတ်ပေးမည်ကို မသိရှိရသေးကြောင်းနှင့် မည်သူတို့ပါဝင်သည်ကိုလည်း မသိရှိကြောင်းပြောဆိုသည်။

AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသူများ ပြန်လွတ်လာမည်ဆိုသည့်သတင်းကြောင့် မိသားစုဝင်များမှာ ပျော်ရွှင်နေကြပြီး မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသည့် မိသားစုဝင်များမှာလည်း စစ်တွေမြို့သို့ လာရောက်နေကြသည်။

“ရှေ့နေက ၁ နာရီလောက်မှ သိရမယ်လို့ပြောတယ်။ လာခဲ့ကြဆိုလို့ လက္ကာရွာက ဖမ်းဆီးခံထားရတဲ့မိသားစုအားလုံးနဲ့စုပြီး စစ်တွေကိုလာနေတယ်။ ပြန်လွှတ်မယ်လို့မျှော်လင့်ချက်နဲ့ လာကြတာပေါ့”ဟု လက္ကာကျေးရွာမှဖမ်းဆီးခံထားရသူ ဦးလှမောင်၏မိခင် ဒေါ်စံသာနုက DMG သို့ပြောသည်။

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်နှင့်ဆက်စပ်သူ (၄၆)ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်းပြီး အမှုမှလွှတ်ရန် စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုး ယနေ့ကြေငြာထားသည်။

အလားတူ တစ်နိုင်ငံလုံးအတိုင်းတာဖြင့်လည်း အကျဉ်းသား (၈၁၄)ဦးကိုပြစ်ဒဏ် လွှတ်ငြိမ်းခွင့်ပေးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်ထက်ဝက်လျော့ချလိုက်သည်။

ဗီဒီယိုများ