ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ၆ ဦးရှိ

လာမည့် ၂၀၂၀ ရွေးကော်ပွဲအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းထားသူ ၆ ဦးရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး တာဝန်ရှိသူထံမှ သိရသည်။

10 Aug 2020

ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

ခင်သရဖီဦး | DMG
သြဂုတ် ၁၁ ၊ စစ်တွေ

လာမည့် ၂၀၂၀ ရွေးကော်ပွဲအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းထားသူ ၆ ဦးရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး တာဝန်ရှိသူထံမှ သိရသည်။

ကိုယ်စားလှယ်လောင်း တင်သွင်းထားသူတို့မှာ နိုင်ငံရေးပါတီအဖွဲ့အစည်းများမှ ၃ ဦးနှင့် တစ်သီးပုဂ္ဂလ ၃ ဦးတို့ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ အတွင်းရေးမှူး ဦးတင်မောင်အေးက DMG သို့ ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း ရခိုင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်ကို ဝင်ရောက်ယှဉ်ပြိုင်တာကတော့ ဘယ်သူတွေ ဖြစ်ပါတယ်ဆိုတာကို ပုံစံ ၁၀ နဲ့ ကျနော်တို့ကကြေညာပါမယ်။ အခုကတော့ စိစစ်မှုတွေလုပ်နေဆဲပဲ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကိုယ်စားလှယ်လောင်း တင်သွင်းထားသူများ၏ အချက်အလက်များကိုစိစစ်နေပြီး လာမည့် သြဂုတ်လ (၁၇)ရက် နောက်ပိုင်းတွင်သာ ကိုယ်စားလှယ်လောင်းစာရင်းများကို ထုတ်ပြန်သွားမည်ဟု ဦးတင်မောင်အေးက ဆက်၍ပြောသည်။

ကိုယ်စားလှယ်လောင်း တင်သွင်းထားသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ဒေါ်ခင်မျိုးဦး၊ ရခိုင်အမျိုးသားပါတီ(ANP)မှ ဦးဦးမြင့်ကျော်၊ တစ်သီးပုဂ္ဂလအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ရခိုင်အမျိုးသားကွန်ရက်(ANC)မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်၊ ရခိုင် စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဒေါက်တာစံလှကျော်တို့ဖြစ်ကြောင်း သိရသည်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်း အမည်ကို ထုတ်ဖော်မပြောသေးဟု ဆိုသည်။

“ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးတဲ့အခါကျရင် သူတို့ကြေညာပေးတဲ့အခါ သိရပါလိမ့်မယ်။ ကျမတို့ facebook စာမျက်နှာမှာလည်း ထုတ်ပြန်ပေးတာတော့ မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က လူသစ် စိစစ်မှုတွေလုပ်နေတယ်” ဟု UDP ပါတီရုံးအဖွဲ့မှူး ဒေါ်ရီရီဝေကပြောသည်။

ယင်းနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသူ ဒေါ်ထုမေက “ ရခိုင်ပြည်သူတွေကို ဆက်လက် ကိုယ်စားပြုဖို့ အခုလိုတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရွေးချယ်ရတာ ဖြစ်ပါတယ် ” ဟု DMG သို့ ပြောဆိုထားသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအား ရခိုင်အမျိုးသားပါတီ(ANP) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) စသည့်ပါတီသုံးခုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ