ရခိုင်က စစ်ဘေးရှောင်စခန်းများကို အနွေးထည်များလှူရန် ရန်ကုန်လူငယ်များစီစဉ်

ဆောင်းရာသီကာလအတွင်း ရခိုင်ပြည်နယ်ရှိ သွားလာရေးအလှမ်းဝေးသည့် စစ်ဘေးရှောင်စခန်းများကို အနွေး ထည်များ လှူဒါန်းရန်အတွက် ရန်ကုန်ရှိလူငယ်များက ဦးဆောင်စီစဉ်လျက်ရှိကြောင်း ယင်းလူငယ်များထံမှ သိရသည်။

15 Dec 2020

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၁၅ ၊ စစ်တွေ

ဆောင်းရာသီကာလအတွင်း ရခိုင်ပြည်နယ်ရှိ သွားလာရေးအလှမ်းဝေးသည့် စစ်ဘေးရှောင်စခန်းများကို အနွေး ထည်များ လှူဒါန်းရန်အတွက် ရန်ကုန်ရှိလူငယ်များက ဦးဆောင်စီစဉ်လျက်ရှိကြောင်း ယင်းလူငယ်များထံမှ သိရသည်။

လက်ရှိတွင် အနွေးထည်များရရှိရန် အလှူခံမှုများပြုလုပ်နေပြီး ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများထဲမှ လူအရောက်နည်းပြီး သွားလာရေးအဆင်မပြေသည့် စစ်ဘေးရှောင်စခန်း (၂)ခုကို ရှေးဦးစွာ လှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်လူငယ်တစ်ဦးဖြစ့်တဲ ကိုပြုံးချိုက ပြောသည်။

“ကျနော် တကယ် Target ထားချင်တာက တကယ်လိုအပ်နေတဲ့ နေရာဖြစ်ရမယ်၊ နောက် အကုန်လုံး လွယ်လွယ်ကူကူ လှူလို့ရတဲ့ လက်လမ်းမှီတဲ့ နေရာမျိုးကို ကျနော်မပို့ချင်ဘူးပေါ့နော်၊ အရမ်းကို အဲဒီCamp ထဲကို အရောက်အပေါက်နည်းတဲ့ သွားလာလို့အဆင်မပြေဘူးဆိုတဲ့ အဲဒီဟာတွေကို လိုက်ပြီးတော့ စာရင်း ကောက်နေပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ရန်ကုန်ရှိလူများမှာ ကိုဗစ်ကာလတွင် အခက်ခဲရှိသူများ ရှိနေသည့်အတွက် ငွေကို အလှူမခံဘဲ အနွေးထည်၊ စောင်များကို လက်ခံနေခြင်းဖြစ်သော်လည်း ယခုအချိန်တွင် အနွေးထည်နှင့် စောင်များကို လှူသည့် အလှူရှင်နည်းပါးသည့်အတွက် ငွေသားများကိုလည်းလက်ခံပြီး လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း ကိုပြုံးချိုကဆိုသည်။

“လာလှူတဲ့အထဲမှာ ယောကျ်ားဝတ်တွေ၊ အနွေးထည်တွေအရမ်းနည်းတယ်။ ဆိုတော့ အခုနောက်ပိုင်းမှာ ငွေသားလာလှူတဲ့လူတွေရှိတော့လည်း လိုအပ်တာတွေကို ရရှိထားတဲ့ငွေနဲ့ ထပ်ဝယ်သွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

လှူမည့် ပစ္စည်းများတွင်  စောင်၊ ခြင်ထောင်၊ ဆေးဝါး၊ စားသောက်ကုန်၊ ကုန်ခြောက်နှင့် အဆင်သင့်သုံး အစားအစာနှင့် လူအသုံးအဆောင်ပစ္စည်းများကိုလည်း လှူမည်ဖြစ်ကြောင်း သိရသည်။

စောင်များလှူလာသည့် အလှူရှင်များရှိသော်လည်း အနွေးထည်လိုအပ်ချက်များ ရှိနေသည်ဟု မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ ဦးအောင်တိန်ဦးက ဆိုသည်။

“အိမ်က လုံလုံလောက်လောက် မပါလာဘူးလေ၊ ဆိုတော့ အနွေးထည် မရှိတဲ့လူတွေ လည်းများတယ်။ လာပြီးတော့ လှူရင်တော့ကောင်းတာပေါ့၊ ကလေးတွေမှာလည်း မရှိသေးတော့လေ”ဟု ၎င်းကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား နှစ်ဖက်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော်ရှိကြောင်း စစ်ဘေးရှောင်အချက်အလက်များကို ကောက်ယူနေသည့် ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ