ရွေးကောက်ပွဲတွင် ANP မှ အမျိုးသမီးကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၆ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ANP ပါတီဗဟိုဌာနချုပ်၏ ယနေ့ သြဂုတ်လ ၂ ရက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ထုတ်ပြန်ချက်အရ သိရသည်။

By မင်းထွန်း 02 Aug 2020

မင်းထွန်း | DMG
သြဂုတ် ၂ ၊ စစ်တွေ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၆ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ANP ပါတီဗဟိုဌာနချုပ်၏ ယနေ့ သြဂုတ်လ ၂ ရက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ထုတ်ပြန်ချက်အရ သိရသည်။

ANP ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ခင်လှမြိုင်သည် မဲဆန္ဒနယ်အမှတ်(၁) နေရာမှ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မောင်တောမြို့နယ်မဲဆန္ဒနယ်မှ ဒေါ်မြမြသိန်း ၊ ရသေ့တောင်မြို့မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ တောင်ကုတ်မြို့မဲဆန္ဒနယ်မှ ဒေါ်လှသက်စိုး(ခ) ခင်ထိပ်ထားတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အလားတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် တောင်ကုတ်မြို့နယ် အမှတ်(၂) မှ ဒေါ်ခင်မျိုးယှဉ်နှင့် မာန်အောင်မြို့နယ် အမှတ်(၂) မှ ဒေါ်တင်ရီတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ(ANP) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် မဲဆန္ဒနယ်(၁၂)ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ် မဲဆန္ဒနယ်(၁၇)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ထို့အပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အမှတ်(၁) ၊(၂)နေရာမှ မဲဆန္ဒနယ် ၁၇ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းတွင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဦးဦးမြင့်ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တစ်ဖက်တွင် ရခိုင်အမျိုးသားပါတီ၏ အဓိကပြိုင်ဖက်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကလည်း ရခိုင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအဖြစ် မဲဆန္ဒနယ် (၇)ခုတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ယင်းအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် မဲဆန္ဒနယ် (၁၅) ခုတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် မဲဆန္ဒနယ်(၂၉) ခုတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ