ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေ မရှိသည့် မြို့နယ်များရှိနေ

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များရှိနေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

03 Sep 2020

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ဝန်ကြီးချုပ်(ဟောင်း) ဦးမောင်မောင်အုန်း ဆန္ဒမဲပြုနေသည်ကို တွေ့ရစဉ်။

မင်းထွန်း | DMG
စက်တင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များရှိနေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့သည့် ရွေးကာက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်များကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရခိုင်က မဲဆန္ဒနယ်တချို့ပေ့ါ။ ဒါလေးတွေကတော့ တချို့နေရာတော့ လုံခြုံရေးရယူပြီးတော့ ကျင်းပနိုင်တဲ့ အခြေအနေရှိတယ်။ တချို့နေရာတွေကျတော့ မြို့နယ်တစ်ခုလုံးကို ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူး။ မြို့နယ်မှာမှ နှစ်ခြမ်းရှိတာပေါ့။ မဲဆန္ဒနယ်နှစ်ခုရှိတယ်။ မဲဆန္ဒနယ်(၁)၊ (၂)ဆိုပြီးတော့။ မဲဆန္ဒနယ်(၁)မှာတော့ ကျင်းပလို့ရတယ် စသဖြင့်။ တချို့နေရာက မြို့နယ်တော့ ကျင်းပလို့ရတယ်။ သို့သော်လည်းပဲ ဒီကျေးရွာတွေ၊ ဒီအုပ်စုတွေကတော့ ကျင်းပလို့မရဘူး။ ဒီလိုလေးတွေရှိတာပေါ့” ဟု ဦးမြင့်နိုင်က ဆိုသည်။

သို့သော် အဆိုပါမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်/ မကျင်းပနိုင်ကြောင်းကို ရွေးကောက်ပွဲနီးသည့် အချိန်အခါတွင် အချိန်မီကြေငြာသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောကြားသည်။

ယင်းအပြင် ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲကို လက်ရှိတွင် ရွေးဆိုင်းရန်မရှိသေးကြောင်းလည်း ဦးမြင့်နိုင်က ဆိုသည်။

“ရွှေ့ဖို့အကြောင်း အခုအချိန်ထိမရှိသေးဘူးပေါ့။ ရွှေ့ရင် အောက်တိုဘာလမှာ ကြိုတင်ပြီးတော့ ကျနော်တို့ ပြောမှာပေါ့။ (ကိုဗစ်)များလာတယ်ဆိုတာကလည်း စစ်တွေနဲ့ရန်ကုန်ပေါ့နော်၊ ကျန်တဲ့နေရာတွေမှာတော့ အဲလောက်မရှိဘူးပေါ့။ ရွှေ့ဖို့ရှိလာရင် အခါတိုင်းလို အောက်တိုဘာလမှာ ကြိုအသိပေးတာပေ့ါလေ” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များကိုလည်း အောက်တိုဘာလအတွင်းတွင် အသိပေး ကြေငြာသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကဆိုသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ