ရွေးကောက်ပွဲမကျင်းပခဲ့သည့်နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရန် ဥရောပသမဂ္ဂတိုက်တွန်း

နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မပါဝင်ခဲ့သော မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲကို တတ်နိုင်သမျှအမြန်ဆုံးကျင်းပရန် ဥရောပသမဂ္ဂက တိုက်တွန်းလိုက်သည်။

11 Nov 2020

(ဓာတ်ပုံ - Zay Ngapali)

အောင်ထိန် | DMG
နိုဝင်ဘာ ၁၁ ၊ စစ်တွေ

နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မပါဝင်ခဲ့သော မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲကို တတ်နိုင်သမျှအမြန်ဆုံးကျင်းပရန် ဥရောပသမဂ္ဂက တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂ၏ နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပခွင့်ရသည့် နယ်မြေများတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိ ရွေးကောက်ပွဲဥပဒေမူဘောင်အား နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အကောင်းဆုံးအလေ့အထများနှင့်အညီ မွမ်းမံပြင်ဆင်သင့်ကြောင်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအပါအဝင် တစ်နိုင်ငံလုံးတွင် လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သော မဲဆန္ဒနယ်များကို ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ် ၉ ခုနှင့် စစ်တွေမှ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းမြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်စုတချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။

ရခိုင့်ဦးဆောင်ပါတီ(AFP)၏ အကြံပေးဖြစ်သူ ဦးကျော်လွင်က ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေသရွှေ့ ရွေးကောက်ပွဲမကျင်းမနိုင်ခဲ့သည့် မြို့နယ်(၉)မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ဟု ထောက်ပြသည်။

“အမှန်တကယ် ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လက်ရှိအစိုးရနဲ့ တပ်မတော်က ညှိနှိုင်းပြီးတော့ အေအေအဖွဲ့နဲ့ ငြိမ်းချမ်းရေးတစ်ခုသွားနိုင်အောင် သဘောတူညီချက်တစ်ခု မလုပ်ရင် ကြားဖြတ်ရွေးကောက်ပွဲက လုပ်နိုင်စရာ အကြောင်းမရှိဘူး” ဟု ၎င်းကပြောဆိုသည်။

ယခုကျင်းပပြီးဖြစ်သည့် ရွေးကောက်ပွဲမှာ ရခိုင်ကမြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းနိုင်ခြင်းသည် အစိုးရက လုံခြုံရေးတာဝန် မယူနိုင်သည့်အတွက် UEC က ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေငြာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ရွေးကောက်ပွဲမကျင်းပခဲ့သည့် နယ်မြေများတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ/မကျင်းပသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် သက်ဆိုင်ကြောင်း ရခိုင်မျိုးသားပါတီ(ANP)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြောသည်။

“ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့၊ မလုပ်ဖို့ အဆုံးအဖြတ်ဟာ တပ်မတော်က အကြံပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ UEC ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲဆိုင်တယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် နယ်မြေများကို ဥပဒေနှင့်အညီ လုံခြုံစွာကျင်းပနိုင်ပါက အမြန်ဆုံးကျင်းပေးသွားမည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့က နယ်ပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမြင့်နိုင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျနော်တို့ကတော့ ဥပဒေနဲ့အညီ လွတ်လပ်မျှတတဲ့ အခြေအနေမျိုးရှိရင် ကျင်းပသွားမှာဖြစ်တယ်။ ဒီအခြေအနေမျိုး ရှိသလား၊ မရှိသလားဆိုတာလည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့သဘောထားမှတ်ချက်ကို အမြဲတမ်းတောင်းခံနေတယ်။ သူတို့က ဒီနေရာတွေမှာ ကျင်းပနိုင်ပြီဆိုရင် ကျင်းပသွားမှာပဲ” ဟု ဦးမြင့်နိုင်က ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပခဲ့သော ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၈) မြို့နယ်ဖြစ်သည့် စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ဂွ၊ ကျောက်ဖြူ၊ သံတွဲ မြို့နယ်တို့တွင် ရခိုင်မျိုးသားပါတီ(ANP)မှ လွှတ်တော်နေရာအများစုကို အနိုင်ရရှိထားကြောင်း ယင်းပါတီထံမှ သိရသည်။

ဗီဒီယိုများ