အကြမ်းဖက်မှုနှင့် တရားစွဲဆိုခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို စွဲချက်တင်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသော သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို ယနေ့စွဲချက် တင်လိုက်ကြောင်း ရှေ့နေထံမှသိရသည်။

09 Mar 2022

DMG ၊ မတ်လ ၉

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသော သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို ယနေ့စွဲချက် တင်လိုက်ကြောင်း ရှေ့နေထံမှသိရသည်။

၎င်းတို့နှစ်ဦးကို မအူပင်တွင်ဖမ်းမိသော PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကဖမ်းဆီးပြီး အကြမ်းမှုဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် အမှုကို မနက်(၁၀)နာရီက စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးခဲ့ကြပြီး နေ့လည် ၁ နာရီအချိန်တွင် စွဲချက်အမိန့်ချက်မှတ်လိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဒါ်သင်္ဂီမောင်ကပြောသည်။

"သူတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ-၅၀(က)နဲ့ စွဲချက်တင်လိုက်တယ်။ တရားခံ ၂ ဦးက သူတို့မဆက်စပ်ဘူးလို့ ငြင်းဆိုတဲ့အတွက် လာမည့်ရုံးချိန်းမှာ ရုံးခေါ်သက်သေအဖြစ် ထပ်မံစစ်ဆေးဖို့ ခေါ်ထားတယ်"ဟု ရှေ့နေကကပြောသည်။

မတ်လ ၁၇ ရက်နေ့တွင် အမှုကိုထပ်မံစစ်ဆေးရန်ချိန်းဆိုထားပြီး သံတွဲမြို့နယ်မှ စရဖတပ်ဖွဲ့ဝင်ကျော်မြင့်အား ပြန်လည်စစ်ဆေးရန်အတွက် ရုံးခေါ်သက်သေအဖြစ်ပြန်လည်ခေါ်ဆိုထားကြောင်း ရှေ့နေထံမှသိရသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့မှာ လူမှုရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြပြီး ယခုကဲ့သို့ဖမ်းဆီးတရားစွဲခံရခြင်းမှာ စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း PDF အဖွဲ့များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် တောင်ကုတ်၊ သံတွဲ၊ မြောက်ဦးမြို့နယ်များမှ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိသည်။

မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

ဗီဒီယိုများ