သံတွဲမြို့မှ ဖမ်းဆီးခံထားရသည့် ကိုရဲနိုင်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာရပ်ကွက်တွင်နေထိုင်သည့် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုရဲနိုင်ဦးကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၂ (က)တို့ဖြင့် သံတွဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

25 Oct 2021

DMG ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာရပ်ကွက်တွင်နေထိုင်သည့် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုရဲနိုင်ဦးကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၂ (က)တို့ဖြင့် သံတွဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်ဖမ်းဆီးခံထားရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့်ဆက်စပ်ပြီး ကိုရဲနိုင်ဦးကို အောက်တိုဘာလ ၂၃ ရက်နေ့တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သံတွဲရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

၎င်းကို ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှ တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားကြောင်းလည်း ရဲအရာရှိကဆိုသည်။

"သူက ကိုစိန်ချစ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရတာဖြစ်တယ်။ အခုတော့ အမှုဖွင့်ထားတယ်။ သူ့ကိုလဲ သံတွဲစခန်းမှာ ထိန်းသိမ်းထားတယ်"ဟု ရဲအရာရှိကပြောသည်။

ထိုသို့ဖမ်းဆီးခံရသည့် ကိုရဲနိုင်ဦးမှာ သုံးဘီးဆိုင်ကယ်မောင်းနှင်းသူတစ်ဦးဖြစ်ပြီး ကိုဗစ်ကာလအတွင်းက ကိုစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ငန်းများကိုကူညီလုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။

ကိုရဲနိုင်ဦးမှာ ငပလီဟိုတယ်ရှေ့တွင် သုံးဘီးဆိုင်ကယ် ဂိတ်ထိုးရပ်နားနေစဉ် ရဲများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယခုအချိန်ထိ မိသားစုနှင့်အဆက်အသွယ်မရရှိသေးကြောင်း ဇနီးဖြစ်သူ မတင်တင်နွဲ့ကပြောသည်။

"သူကိုတော့ မနေ့ကဖမ်းသွားတယ်။ ဘယ်ကိုဖမ်းသွားတယ် ဘယ်မှာထားတယ်၊ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုတော့ မသိဘူး။ အခုအချိန်ထိလဲ အဆက်အသွယ်မရသေးဘူး"ဟု မတင်တင်နွဲ့ကပြောသည်။

ကိုစိန်ချစ်ကိုလည်း မအူပင်တွင်ဖမ်းမိသည့် PDF အဖွဲ့နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၉ ရက်နေ့တွင် နေအိမ်မှ ဝင်ရောက်ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၂(က)တို့ဖြင့် အမှုဖွင့်ခြင်းခံထားရသည်။

အလားတူ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ် လူငယ်စာရေးဆရာမင်းဒီပါကိုလည်း PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာ ၁၅ ရက်နေ့တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅ဝ(ည)ဖြင့် အမှုဖွင့်ခံထားရသည်။

PDF အဖွဲ့နှင့် ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ရခိုင်ပြည်နယ်တွင် ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၃ ဦးအထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ