မြေပုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံများထွက်ပြေး၊ စာသင်ကျောင်းအချို့ပိတ်ထားရ

“တိုက်ပွဲဖြစ်တာက ၂၂ ရက်နေ့စဖြစ်တာ။ ၂၃ ရက်နေ့နားတယ်။ ၂၂၊ ၂၄၊၂၅ ရက်သုံးရက်ရှိပြီ။ ဆရာ၊ ဆရာမတွေကလည်းကြောက်လို မြေပုံမြို့သို့ထွက်ပြေးနေကြတယ်။ ဒီနေ့လည်း လေယာဉ်တွေနဲ့ပစ်တယ်”

By ဝင်းညွန့် 25 Sep 2019

ဝင်းညွန့် | DMG

စက်တင်ဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားမှုများရှိနေပြီး ဒေသခံကျေးရွာသားများ ကြောက်လန့်ထွက်ပြေးနေရကာ စာသင်ကျောင်းများကိုလည်း ပိတ်ထားကြရသည်။

မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာအနီးတွင် စက်တင်ဘာလ ၂၂ ရက်နေ့စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသေးကြောင်း အမည်မဖော်လိုသည့် ယိုးဆနွင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာက ၂၂ ရက်နေ့စဖြစ်တာ။ ၂၃ ရက်နေ့နားတယ်။ ၂၂၊ ၂၄၊၂၅ ရက်သုံးရက်ရှိပြီ။ ဆရာ၊ ဆရာမတွေကလည်းကြောက်လို မြေပုံမြို့သို့ထွက်ပြေးနေကြတယ်။ ဒီနေ့လည်း လေယာဉ်တွေနဲ့ပစ်တယ်”ဟု ၎င်းကဆိုသည်။

တိုက်ပွဲများသည် ကျေးရွာအရှေ့ဘက် ၃ မိုင်ခန့်အကွာအဝေးတွင် ဖြစ်ပွားနေခြင်းဖြစ်သဖြင့် ရွာသူ၊ ရွာသား များမှာလည်း နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေရကြောင်း သိရသည်။

“ကျောင်းပိတ်တာကတော့ ၂၂ ရက်နေ့ကတည်းက ပိတ်ထားတာ” ဟု အမည်မဖော်လိုသည့် ယိုးဆနွင်း ကျေးရွာသားက ပြောသည်။

ယခင်က ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့တွင် တိုက်ပွဲဖြစ်ပွားမှုများရှိသော်လည်း မြေပုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ပေ။ သို့သော် ယခုအခါတွင် တိုက်ပွဲများသည် မြေပုံမြို့နယ်အတွင်း တစ်နေ့ထက်တစ်နေ့ ပြင်းထန်စွာ ဖြစ်ပွားလာနေကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရခိုင်ပြည်နယ်အတွင်းမှ စာသင်ကျောင်း ၁၆ ကျောင်းအထိ ပိတ်ထားရကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရသိရသည်။

ထိုသို့ ပိတ်ထားရသည့် ကျောင်းများတွင် ရသေ့တောင်မြို့နယ်တွင် ၃ ကျောင်း၊ မင်းပြားမြို့နယ်တွင် ၂ ကျောင်းနှင့် ဘူးသီးတောင်မြို့နယ်တွင် ၁၁ ကျောင်းတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။

ဗီဒီယိုများ