ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေကို တွေ့ရှိကြောင်း ဂျပန်အစိုးရ အထူးကိုယ်စားလှယ်ပြော

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခဲ့ရသည့် ရခိုင်က မြို့နယ်(၉)ခုတွင် လုံခြုံရေးအခြေအနေ ကောင်းမွန်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟေးဆာဆာကာဝါက ပြောသည်။

By DMG 28 Nov 2020

မင်းထွန်း၊ အောင်ထိန် | DMG
နိုဝင်ဘာ ၂၈ ၊ စစ်တွေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခဲ့ရသည့် ရခိုင်က မြို့နယ်(၉)ခုတွင် လုံခြုံရေးအခြေအနေ ကောင်းမွန်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟေးဆာဆာကာဝါက ပြောသည်။

ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များအနက်မှ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်တို့ကို ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့နယ်နှစ်ခုသည် လက်ရှိအချိန်၌ တိုက်ပွဲအကြိမ်အရေအတွက် အများဆုံးဖြစ်ပွားနေသည့် မြို့နယ်များဖြစ်သလို မကြာသေးမီက တိုက်ပွဲဖြစ်ပွားမှုရှိသည့် မြို့နယ်များဖြစ်သည့်အတွက် ယင်းမြို့နယ်များကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်ဟု ဂျပန်အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါက ပြောသည်။

“ဒေသခံလူထုနဲ့ တွေ့ဆုံမေးမြန်းတဲ့အချိန်မှာဆိုရင် ဒေသခံတွေက ရွေးကောက်ပွဲကို အရမ်းကိုလုပ်ခိုင်းစေချင်တဲ့ စိတ်ဆန္ဒရှိတယ်ဆိုတာကို တွေ့ခဲ့ရတယ်။ အဲဒါကြောင့် ဒေသခံလူထုတွေရဲ့ စိတ်ဆန္ဒ၊ အဲဒီဒေသရဲ့ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲပြုလုပ်ဖို့ အဆင်ပြေတဲ့အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးတော့မှ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်ကို တောင်းဆိုတင်ပြသွားမယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်နေရာများတွင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးစေလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား တင်ပြရာတွင် ကော်မရှင်အနေဖြင့် လုံခြုံရေးအခြေအနေကောင်းမွန်လျှင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပသွားမည်ဖြစ်ဟု ဖြေကြားခဲ့ကြောင်း မစ္စတာ ယိုဟေးဆာဆာကာဝါက ပြောခဲ့သည်။

ဂျပန်အစိုးရ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိလာခဲ့ပြီး ထိုမှတစ်ဆင့် ရခိုင်မှရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များထဲမှ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်များသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့သွားရောက်ခဲ့ပြီး ယနေ့ နေ့လည် ၃ နာရီခန့်တွင် စစ်တွေဟိုတယ်၌ ရခိုင်အမျိုးသားပါတီ(ANP)နှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် ဒေသခံသတင်းသမားများနှင့် တွေ့ဆုံကာ ခရီးစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့သည်။

ရွေးကောက်ပွဲမကျင်းပရသေးသည့် မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ရက္ခိုင့်တပ်တော်(AA)မှ တပ်မတော်နှင့် အစိုးရတို့ကို တိုက်တွန်းထားသလို တပ်မတော်ဘက်ကလည်း AA ၏ တိုက်တွန်းချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဗီဒီယိုများ