စစ်တွေမြို့ ရိုးမဘဏ်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက် လမ်းမကြီး၊ ရိုးမဘဏ်ရှေ့တွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ပြီး စစ်သားတစ်ဦး ထိခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

09 Apr 2021

DMG ၊ ဧပြီ ၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက် လမ်းမကြီး၊ ရိုးမဘဏ်ရှေ့တွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ပြီး စစ်သားတစ်ဦး ထိခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရိုးမဘဏ်အနီး နေထိုင်သည့် အမည်မဖော်လိုသူ တစ်ဦးက “ တခါတည်း သေသွားတာထင်တယ်။ အဲဒီစစ်သားကို ခြေထောက်က ကိုင်ပြီး စစ်ကားပေါ်ကို တင်သွားပါတယ်။ ” ဟု ဆိုသည်။

လက်ရှိ ယင်းရိုးမရှေ့တွင် စစ်ကား၂ စီး နှင့် ရဲသားအချို့ရောက်ရှိနေပြီး လုံခြုံရေးတင်းကြပ်မှုတချို့ ရှိနေသည်။

“ ဆိုင်ကယ်ပေါက်သံလိုမျိုး ဗုန်းခနဲ့ မြည်သံကြားလိုက်တယ်။ အဲ့ဒီ အနားမှာစောင့်နေတဲ့ တစ်ယောက်ပါ။ သေနတ်ကို မောင်းတင်ပြီးတော့ အိပ်ငိုက် နေတာပါတဲ့။ အဲ့မှာ ကိုယ့်ဟာကိုပစ်မိပြီး နားထင်ကိုကျလို့ တခါတည်းသေသွားတာပါ။ ခုနားကတော့ သူ့အလောင်းကို စစ်ကားပေါ်တင်ပြီးယူသွားပါတယ်။ ” ဟုဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ