ပုဏ္ဏားကျွန်းမြို့နယ်က AA ယာယီစခန်းကို သိမ်းပိုက်ရရှိဟု တပ်မတော်ပြော

ယိုးတရုပ်ရွာ အနောက်မြောက်ဘက်ရှိ ဒေသအခေါ် ကျောက်ပုံတောင်တွင် AA တပ်ဖွဲ့ဝင်များရှိကြောင်း သတင်းအရ အောက်တိုဘာလ (၁၇) ရက်နေ့မှစတင်၍ ဝင်ရောက်တိုက်ခိုက်ရာ ယနေ့၊ နေ့လယ်ပိုင်းတွင် အဆိုပါနေရာကို သိမ်းပိုက်ရရှိသည်ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

By ခိုင်ရိုးလ ၊ ဝင်းညွန့် 18 Oct 2019

ခိုင်ရိုးလ၊ ဝင်းညွှန့် | DMG

အောက်တိုဘာ ၁၈၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာအနီးရှိ ရက္ခိုင့်တပ်မတော်(AA)၏ ယာယီစခန်းတစ်ခုကို ယနေ့ အောက်တိုဘာလ (၁၈)ရက်နေ့၊ နေ့လယ် (၂)နာရီခန့်တွင် သိမ်းပိုက်ရရှိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကိုပြောသည်။

ယိုးတရုပ်ရွာ အနောက်မြောက်ဘက်ရှိ ဒေသအခေါ် ကျောက်ပုံတောင်တွင် AA တပ်ဖွဲ့ဝင်များရှိကြောင်း သတင်းအရ အောက်တိုဘာလ (၁၇) ရက်နေ့မှစတင်၍ ဝင်ရောက်တိုက်ခိုက်ရာ ယနေ့၊ နေ့လယ်ပိုင်းတွင် အဆိုပါနေရာကို သိမ်းပိုက်ရရှိသည်ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

“အဲဒီနေရာမှာ သူတို့ရဲ့ စားသောက်စရာပစ္စည်းတွေ၊ မိုင်းတွေအများကြီးရတယ်”ဟု ၎င်းက ပြောသည်။

ယင်းစခန်းသိမ်းတိုက်ပွဲတွင် AA ဘက်က ဒဏ်ရာရရှိသွားသည့် စစ်သည်ရှိကြောင်းနှင့် တပ်မတော်ဘက်က ကျဆုံး၊ ဒဏ်ရာရရှိမှု မရှိဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

“တပ်ဘက်က ဘာမှမရှိဘူးနော်။ AA ဘက်ကတော့ ဒဏ်ရာရသွားတာ အများကြီးပဲ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ယင်းနေရာကို တပ်မတော်က နယ်မြေရှင်းလင်းရေးများ ဆက်လက်ပြုလုပ်နေကြောင်းလည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကဆိုသည်။

AA ယာယီစခန်းကို သိမ်းပိုက်ရရှိသည်ဟု တပ်မတော်ကပြောဆိုသော်လည်း ထိုသို့သိမ်းပိုက်ခံရမှု မရှိကြောင်း ရက္ခိုင့်တပ်တော်(AA) ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
“အဲဒီလို ဖြစ်စဉ်မျိုးမရှိဘူး ”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မကျော်ရွာမြောက်ဘက် (၂)ကီလို မီတာအကွာအဝေးခန့်တွင် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။ ယင်းအပြင် ယနေ့လည်း အဆိုပါနေရာတွင် တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ကြောင်း ခိုင်သုခက ဆက်လက်ပြောသည်။

“မိုးလင်းအရုဏ် အချိန်ကပင် သူတို့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်တယ်။ မနက် (၉)နာရီလောက်အထိ ပစ်တယ်။ ပြီးတော့ သူတို့ မြေပြင်ထိုးစစ်တွေ လုပ်တယ်။ အဲဒီမှာကျနော်တို့နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်တာတွေ ရှိတယ်” ဟု ခိုင်သုခက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၇)ရက်နေ့က မြောက်ဦးမြို့နယ်၊တိမ်ညိုကျေးရွာအနီးရှိ တပ်မတော် ထောက်/ပို့ စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ ရိက္ခာများကိုသိမ်း ဆည်းရမိခဲ့သည်ဟု AA ဘက်က သတင်းထုတ်ပြန်ထားသည်။ သို့သော် ထိုသို့သိမ်းပိုက်ခံရမှုမရှိကြောင်း တပ်မတော်ဘက်က ပြောဆိုထားသည်။

ဗီဒီယိုများ