အဆင့်တိုးမြှင့်စာသင်ကျောင်းရှိ ယာယီကျောင်းဆောင်ပျက်စီးနေမှုကြောင့် ကျောင်းသားတစ်ရာကျော် ပညာသင်ကြားရန် အခက်အခဲဖြစ်နေ

လိုင်ဂွင်ကျေးရွာမှ စာသင်ကျောင်းကို အလယ်တန်း(ခွဲ)အဆင့်သို့ တိုးမြှင့်ပေးထားသော်လည်း ကျောင်းဆောင်သစ်ချပေးမှု မရှိသေးသဖြင့် ပေ ၈၀ ခန့်ရှိသော ယာယီကျောင်းဆောင်တစ်ဆောင်ကို ကျေးရွာသားများ စုပေါင်းဆောက်လုပ်ခဲ့ကြသည်။

By အောင်ထိန် 14 Sep 2019

ဓာတ်ပုံ - ခိုင်စံလင်း / Facebook

အောင်ထိန် | DMG
စက်တင်ဘာ ၁၄ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်ကျေးရွာရှိ ယာယီကျောင်းဆောင်တစ်ဆောင် ပျက်စီးနေသဖြင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁၃၀ ခန့်မှာ ပညာသင်ကြားရန် အခက်အခဲဖြစ်ပေါ်နေကြကြောင်း သိရသည်။

လိုင်ဂွင်ကျေးရွာမှ စာသင်ကျောင်းကို အလယ်တန်း(ခွဲ)အဆင့်သို့ တိုးမြှင့်ပေးထားသော်လည်း ကျောင်းဆောင်သစ်ချပေးမှု မရှိသေးသဖြင့် ပေ ၈၀ ခန့်ရှိသော ယာယီကျောင်းဆောင်တစ်ဆောင်ကို ကျေးရွာသားများ စုပေါင်းဆောက်လုပ်ခဲ့ကြသည်။

၎င်းယာယီကျောင်းဆောင် ပျက်စီးသွားရခြင်းမှာ ဒေသမတည်ငြိမ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ပြုပြင်ထိန်းသိမ်းမည့်သူ မရှိသောကြောင့်ဖြစ်ပြီး လက်ရှိမှာ စာသင်ကြား၍ အဆင်မပြေတော့ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

“အခုက မူလတန်းကျောင်းဆောင်မှာ ပေါင်းပြီးသင်မယ်ဆိုရင်လည်း လုံးဝမဖြစ်နိုင်ဘူး။ ကျောင်းသားကများတော့ ကျပ်တယ်။ မူလတန်းကျောင်းဆောင်က ပေ ၈၀ x ၃၀ ရှိတယ်။ ရုံးခန်းတစ်ခန်းလည်း လုပ်ထားတယ်ဆိုတော့ ပေ ၇၀ လောက်ပဲရှိတယ်။ ဆိုတော့ ပေ ၇၀ ရှိတဲ့အခန်းမှာ အကုန်လုံးပေါင်းသင်လို့မရဘူး” ဟု လိုင်ဂွင် အလက(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးစိုးကျော်မြင့်က ပြောသည်။

လိုင်ဂွင်ကျေးရွာ စာသင်ကျောင်းတွင် မူလတန်းမှ အလယ်တန်းအဆင့်အထိ ကျောင်းသားစုစုပေါင်း ၂၃၀ ခန့် ရှိပြီး အလယ်တန်းကျောင်းသား ၁၃၀ ခန့်မှာ နေသာသည့်နေ့ရက်များတွင် ကျောင်းအပြင်၌ စာသင်ကြားနေရပြီး မိုးရွာသည့်နေ့များတွင် စာမသင်ကြားရကြောင်း ၎င်းကဆိုသည်။

ယခုပျက်စီးနေသည့် ယာယီစာသင်ကျောင်းအား မပြုပြင်နိုင်လျှင် စာသင်ချိန်ကို နှစ်သုတ်ခွဲသင်ရမည်ဖြစ်ကြောင်းနှင့် ထိုသို့သင်ကြားပါကလည်း ကျောင်းသားများအတွက် ပိုမိုအခက်အခဲဖြစ်နိုင်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုးမြင့်က ဆက်ပြောသည်။

လတ်တလောမှာ ကျောင်းသားများ ပညာသင်ကြားရေးအတွက် ပျက်စီးသွားသည့် ယာယီကျောင်းဆောင်အား အမြန်ဆုံး ပြန်လည်ပြုပြင်ရန်လိုအပ်နေသော်လည်း ဒေသမတည်ငြိမ်မှုများကြောင့် ကျေးရွာသားများမှာ ငွေကြေးအဆင်မပြေဖြစ်နေကြသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ခိုင်စံလင်း / Facebook

“ကျွန်တော်တို့ကလေးတွေ စာသင်ရေးအတွက် ကူညီမှုတွေ လိုအပ်နေပါတယ်။ ရွာကလူတွေနဲ့ ဝိုင်းဝန်းဆောက်လုပ်ဖို့အတွက်ကလည်း ငွေကအခက်အခဲဖြစ်နေတယ်။ ဒေသမတည်ငြိမ်တာကြောင့် ရွာသားတွေကလည်း အလုပ်အကိုင် အဆင်မပြေကြဘူး။ ကျွန်တော်တို့ တောင်းဆိုချင်တာကတော့ ဒီကျောင်းကိစ္စနဲ့ပတ်သက်ပြီး အကူအညီတစ်ခုလိုချင်ပါတယ်” ဟု လိုင်ဂွင်ကျေးရွာမှ ဦးဝေသာထွန်းက ပြောသည်။

အဆင့်တိုးမြှင့်ထားသော လိုင်ဂွင်ကျေးရွာရှိ စာသင်ကျောင်းတွင် စာသင်ဆောင်သစ်တစ်ခု ဆောက်လုပ်ပေးရန်အတွက် ကျေးရွာသားများနှင့် ဆရာ၊ ဆရာမများက ၂၀၁၇ - ၁၈ ခု ပညာသင်နှစ်တွင် ပညာရေးဌာနကို စာတင်ပြတောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်မှု မရှိသေးကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ဝေးလံခေါင်ပါးသောနေရာများမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးအတွက် စာသင်ကျောင်းများကို အဆင့်တိုးမြှင့်ပေးမှုများ ရှိနေသော်လည်း စာသင်ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီသော အဆောက်အဦး၊ ကျောင်းသားအချိုးအစားနှင့် ညီမျှသော ဆရာ/မ မရှိသည့်ကျောင်းများ အများအပြားရှိနေသည်။

ဗီဒီယိုများ