လက်နက်ခဲယမ်းများ ဖြည့်တင်းနေသောကြောင့် လာမည့်ရက်များတွင်တိုက်ပွဲပိုပြင်းထန် လာနိုင်ဟု AA ဆို

“ဒီရက်ပိုင်းမှာ ဗမာစစ်တပ်ဘက်က လူအင်အားလက်နက်အင်အားတွေထပ်ပြီးဖြည့်နေတာရှိတယ်။ ရခိုင်ပြည် နယ် အနှံ့မှာ ဖြည့်နေတယ်။အဲဒါကြောင့် ရှေ့လာမယ့်ရက်တွေမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်ဆိုတာ ထုတ်ပြန်တာ ”ဟု ၎င်းကဆိုသည်။

By မင်းထွန်း 09 Oct 2019

မင်းထွန်း |DMG

အောက်တိုဘာ ၉ ၊စစ်တွေ

မြန်မာ့တပ်မတော်သည် လက်နက်ခဲယမ်းများကို နေရာအနှံ့ဆက်လက်ဖြည့်တင်းနေသောကြောင့် မကြာမီရက်များအတွင်း တိုက်ပွဲများမှာ ယခုထက်ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသည်ဟု ရက္ခိုင့်တပ်တော်(AA)က အောက် တို ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

AA အပါအဝင်ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသော်လည်း တပ်မတော်ဘက် က ထိုးစစ်များပြုလုပ်နေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။

“ဒီရက်ပိုင်းမှာ ဗမာစစ်တပ်ဘက်က လူအင်အားလက်နက်အင်အားတွေထပ်ပြီးဖြည့်နေတာရှိတယ်။ ရခိုင်ပြည် နယ် အနှံ့မှာ ဖြည့်နေတယ်။အဲဒါကြောင့် ရှေ့လာမယ့်ရက်တွေမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်ဆိုတာ ထုတ်ပြန်တာ ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့်အုပ်ချုပ်မှုယန္တရားများ ပိုမိုကောင်းမွန်ရေးအတွက်လုပ် ဆောင်နေခြင်းဖြစ်သည့်အတွက်  လက်နက် ခဲယမ်းများ ဖြည့်၊မဖြည့်သည် တပ်မတော်၏အလုပ်ဟု အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“ ရခိုင်ပြည်နယ်မှာ ကျနော်တို့က ဒေသတည်ငြိမ်အေးချမ်းရေး၊အုပ်ချုပ်မှုယန္တရားတွေ ပိုမိုကောင်းမွန်ရေးနဲ့ ဒေသတည်ငြိမ်အေးချမ်းကို စစ်ဆင်ရေးလုပ်နေတာလေ။ကျနောတို့ဟာ လက်နက်ဖြည့်ချင်ဖြည့်မယ်၊ ခဲယမ်း ဖြည့်ချင်ဖြည့်မယ်၊ဒါကျနော်တို့ အလုပ်ပဲ။တိုက်ပွဲတွေဖြစ်မယ်၊မဖြစ်ဘူးဆိုတာကတော့ အေအေရှိနေသရွေ့ တော့ တိုက်ပွဲတွေဖြစ်မှာပဲ။အေအေ ရခိုင်ပြည်နယ်က ထွက်သွားရင်တော့ တိုက်ပွဲတွေနည်းသွားမှာပေါ့” ဟု ၎င်းက ပြောသည်။

တပ်မတော်သည် လက်ရှိတိုက်ပွဲများအတွင်း လူမရှိသည့်ကျေးရွာများနှင့်ဘုန်းကြီးကျောင်းများကို အကာ အကွယ်ယူပြီး တိုက်ခိုက်မှုများရှိနေသည်ဟု AA ဘက်ကစွပ်စွဲသည်။သို့သော် “အကာအကွယ်ယူပြီး ပစ်ခတ် စရာအကြောင်းမရှိ”ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုသည်။

AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ်သုံးဖွဲ့သည် တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရေး၊အပစ်အခတ်ရပ်ဆိုင်း ရေး စာချုပ် သဘောတူလက်မှတ်ရေးထိုးနိုင်ရေးတို့အတွက် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကြေငြာခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဗီဒီယိုများ