ရေးနှင့် ဇင်းကျိုက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံများ ရေဘေးဒဏ်ခံနေရ

မွန်ပြည်နယ် ရေးမြို့နယ်နှင့် ဇင်းကျိုက်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံများ ရေဘေးနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

12 Aug 2022

ရေးမြို့ ဟံဂံကျေးရွာနှင့် ဇင်းကျိုက်မြို့ပေါ် ရန်ကုန်-မော်လမြိုင် ကားလမ်းမတို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်။ ဓာတ်ပုံ - CJ

DMG ၊ သြဂုတ် ၁၂

မွန်ပြည်နယ် ရေးမြို့နယ်နှင့် ဇင်းကျိုက်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံများ ရေဘေးနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့်သြဂုတ်လ(၈)ရက်နေ့မှ ယနေ့အထိ မွန်ပြည်နယ် နေရာအချို့တွင် လေးရက်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေးမြို့နယ် ဟံဂံကျေးရွာတွင် အိမ်ခြေ(၁၇၀၀)ကျော် ရေနစ်ခဲ့ပြီး လူဦးရေ(၉၅၀၀)ကျော်မှာ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရကြောင်း ဟံဂံကျေးရွာဒေသခံ ဗညားအောင်မြတ်သူကပြောသည်။

“ဟံဂံကျေးရွာတစ်ရွာပဲ ရေကြီးတာဗျ။ အိမ်ခြေတော့ ၂၀၀၀ ကျော်ရှိတဲ့အထဲမှာ အိမ်ခြေ ၁၇၀၀ လောက် ရေလွှမ်းမိုးခြင်းခံနေရတာပါ။ အခုကတော့ ရွာသားအချင်းချင်းတွေပဲ ကူညီကြတယ်။ ကယ်ဆယ်ရေးအဖွဲ့တော့ မရှိသေးဘူး”ဟု ၎င်းကပြောသည်။

အလားတူ ရေနစ်မြုပ်ခံရသည့် တခြားကျေးရွာမှားမှ ဒေသခံ (၂၀၀)ကျော်မှာလည်း နေအိမ်ကို စွန့်ခွာသူများရှိသလို တချို့မှာလည်း မပြောင်းရွှေ့ပဲ အခြေအနေစောင့်ကြည့်နေသူများ ရှိနေကြောင်း ဗညား အောင်မြတ်သူက ရှင်းပြသည်။

ထို့အပြင် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ပေါ်တွင်လည်း သြဂုတ်လ ၁၁ ရက်ညပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တွင်း ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်သို့ ရေကျော်တက်မှုကြောင့် ယာဉ်အသွားအလာအချို့ ရပ်တန့်ထားရကြောင်း ဇင်းကျိုက်မြို့ခံများထံမှ သိရသည်။

“ဖလပ်ရပ်ကွက် ရေတံခွန်လမ်းဝအနီး၊ ဘူတာလမ်းဝ၊ ရထားလမ်းကူး တံတားအနီးနဲ့ ခလောက်အင် စာသင်ကျောင်းအနီး ကားလမ်း ရေအနည်းငယ်ကျော်နေပါတယ်။ ဇင်းကျိုက်ရပ်ကွက်က ကန်ကြီးရေလျှံနေတယ်။ ကားလမ်းရေကျော်နေပေမယ့် အချို့ ကားတွေတော့ သွားနေပါတယ်။ တချို့လည်း ရပ်တန့်ထားရပါတယ်”ဟု ဇင်းကျိုက်မြို့ခံတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းခြင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းမှာ တောင်တရုတ်ပင်လယ်၌ဖြစ်ပေါ်ခဲ့သည့် မူလန်မုန်တိုင်း၏အရှိန် လေပွေလှိုင်းများ မြန်မာပြည် အရှေ့ဘက်သို့ ရွှေ့လျားခဲ့မှုကြောင့်ဖြစ်သည်ဟု မိုးလေဝသပညာရှင်အချို့က ပြောဆိုထားသည်။

အလားတူ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)မှာ အနောက်-အနောက်တောင်ဘက်သို့ ရွှေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် လေပွေလှိုင်းအဖြစ် ဆက်လက်တည်ရှိနေမှုကြောင့်ရန်ကုန်နှင့် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်၌ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက်(၆)နာရီခွဲတွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် လေပွေလှိုင်း၏အရှိန်ကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့၌ မိုးသည်းထန်စွာရွာ သွန်းနိုင်ကာ ရေကြီးရေလျှံမှုနှင့် တောင်မြေပြိုမှုများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှသတိပေးထားသည်။

ဗီဒီယိုများ