ဘူးသီးတောင်တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စပါးထားကျေးရွာအနီးတောင်တန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

10 Feb 2020

လက်ရှိတွင် ၎င်းကို စေတီတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာစိုးရိမ်စရာမရှိကြောင်း သိရသည်။

ခင်သရဖီဦး၊ ဝင်းညွှန့် | DMG
ဖေဖော်ဝါရီ ၁၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စပါးထားကျေးရွာအနီးတောင်တန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

ဒဏ်ရာရရှိသူမှာ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်းကျေးရွာမှ အသက် (၄၃)နှစ်အရွယ် ဒေါ်ဦးနုခင် ဆိုသူဖြစ်သည်။ ယင်းရွာသည် ယခုတိုက်ပွဲဖြစ်ပွားမှုရှိနေသည့် စပါးထားကျေးရွာနှင့် ချောင်းတစ်ခုသာခြားသည်။

“အဲဒီက ပစ်လိုက်တဲ့ လက်နက်တွေဟာ ဆင်ခုန်းတိုင်ဘက်မှာကျတယ်။ အဲတော့ အမျိုးသမီးတစ်ယောက်ဒဏ်ရာရတယ်” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

ယင်းအမျိုးသမီးသည် မိမိနေအိမ်တွင် ထမင်းချက်နေစဉ် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းက စဉ်ထွက်လာသည့် လက်နက်ကြီးကျည်စကြောင့် ညာဖက်ကျောကုန်းအထက်မှာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဒဏ်ရာရရှိသူ၏ မောင်ဖြစ်သူ ကျော်ဆန်းလင်းက ပြောသည်။

လက်ရှိတွင် ၎င်းကို ဘူးသီးတောင်မြို့နယ်၊ စေတီတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာစိုးရိမ်စရာမရှိဟု ယင်းဆေးရုံမှ ဆရာဝန် ဒေါက်တာမင်းစိုးအောင်က ပြောသည်။

“ရောက်တာကတော့ ၄ နာရီခွဲလောက်မှာရောက်တယ်။ ဒဏ်ရာကိုတော့ ကျနော် လုပ်စရာရှိတာလုပ်ထားတယ်။ အခုလောလောဆယ်တော့ ဒဏ်ရာကအေးဆေးပါ။ ဓာတ်မှန်ရိုက်ရမယ်ဆိုရင်တော့ ဘူးသီးတောင် မဟုတ်ရင် စစ်တွေကိုသွားဖို့လိုမယ်။ ဒီနေ့ အချိန်ကလည်းနှောင်းသွားပြီးဆိုတော့ ကျနော်တို့ ဒီမှာပဲ ထိန်းသိမ်းထားတယ်”ဟု ၎င်းကဆိုသည်။

ယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်ဘက်က ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့ခြင်းရှိပြီး ဆင်ခုန်းတိုင်၊ စည်တောင်စသည့် ကျေးရွာများမှ ဒေသခံများမှာ စေတီတောင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စေတီတောင်ရွာသားများမှာလည်း ဗုံးခိုကျင်းများတွင် ပုန်းခိုခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။

“အသက်အန္တရာယ်ကို ကြောက်တာကြောင့် ကျနော်တို့လည်း ဗုံးတွင်းထဲမှာ ဝင်နေရတယ်” ဟု စေတီတောင်ဒေသခံတစ်ဦးက နေ့လယ်ပိုင်းကပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်ရာတွင် မသိရှိသေးကြောင်းဖြေကြားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကိုဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ဗီဒီယိုများ