ရမ်းဗြဲ ဒီချုပ်ပါတီဝင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းဆီး

“ဒီမှာက လက်နက်ကိုင်အဖွဲ့ဆိုလို့ AA တစ်ဖွဲ့ပဲရှိတယ်ဆိုတော့ AA ကဖမ်းသွားတာပေါ့။ အခုကျနော်တို့ ပါတီဗဟိုကို တင်ပြထားတယ်” ဟု မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင်ရီက ပြောသည်။

09 Feb 2020

 

အောင်ကောင်းဇော် | DMG
ဖေဖော်ဝါရီ ၉၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ညနေ (၆)နာရီကျော်ခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည်ဟု မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင်ရီက ပြောသည်။

ယင်း NLD ပါတီဝင်သည် ရမ်းဗြဲမြို့နှင့် ဆယ်မိုင်ခန့်ဝေးကွာသည့် ကျောက်ဆောက်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။ ညနေပိုင်းတွင် ကျောက်ဆောက်ရွာနှင့် ကုလားပုန်းကျေးရွာကြားတွင်ရှိသည့် မိမိသစ်စက်မှ အစ်ကိုဝမ်းကွဲဖြစ်သူနှင့်အတူ ရွာသို့ပြန်ရန်ပြင်ဆင်နေစဉ် လက်နက်ကိုင်ဆောင်ထားသူ (၈)ဦး၏ ဖမ်းဆီးမှုခံရခြင်းဖြစ်သည်။သို့သော် အစ်ကိုဖြစ်သူကို ဖမ်းဆီးခဲ့ခြင်းမရှိခဲ့ပေ။

“ဒီမှာက လက်နက်ကိုင်အဖွဲ့ဆိုလို့ AA တစ်ဖွဲ့ပဲရှိတယ်ဆိုတော့ AA ကဖမ်းသွားတာပေါ့။ အခုကျနော်တို့ ပါတီဗဟိုကို တင်ပြထားတယ်” ဟု ဦးတင်ရီက ပြောသည်။

ဦးဇေယျာမင်းသည် NLD ပါတီတွင် တက်ကြွစွာလုပ်ဆောင်သည့် လူငယ်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် အမှုရင်ဆိုင်သွားမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။

“ကျနော်တို့ကို ထောက်ခံပွဲလုပ်ကတည်းက ခြိမ်းခြောက်တာက AA အဖွဲ့ကပဲ ခြိမ်းခြောက်တာဖြစ်တယ်”ဟု ဦးတင်ရီက ပြောသည်။

သို့သော် ၎င်းကို ဖမ်းဆီးထားခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော် (AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“ကျနော်တို့ဘက်က အဲလိုဖမ်းဆီးထိန်းသိမ်းထားတဲ့ ဖြစ်စဉ်မျိုးမရှိဘူး။ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတိုင်း AA ကလို့ ပြောလို့တော့မရဘူး” ဟု ၎င်းကဆိုသည်။

အပြစ်တစ်စုံတစ်ရာလုပ်ထားခြင်းမရှိဘဲ ယခုကဲ့သို့ဖမ်းဆီးထားသဖြင့် လွန်စွာဝမ်းနည်းရပြီး အမြန်ဆုံးပြန်လွှတ်ပေးစေချင်သည်ဟု ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက တောင်းဆိုသည်။

“ကျမလည်း ရခိုင်ပဲ။ ကျမယောကျ်ားလည်း ရခိုင်ပဲ။ တိုင်းရင်းသားအချင်းချင်း ဒါမျိုးမလုပ်သင့်ဘူးပေါ့။ တိုင်းရင်းသားအချင်းချင်း ဘာဖြစ်လို့ လုပ်တာလဲ” ဟု ၎င်းကမေးခွန်းထုတ်သည်။

ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို ICJ တွင် အမှုသွားရောက်ရင်ဆိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ရန်စီစဉ်နေသဖြင့် ရက္ခိုင့်တပ်တော်(AA) ဘက်က ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ဖူးသည်။ ဖမ်းဆီးထားစဉ်အတွင်းတိုက်ပွဲဖြစ်ပွားရာတွင် လက်နက်ကြီးကျည်ထိမှန်သဖြင့် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် AA က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် အမ်းမြို့နယ်၊ မြေပုံမြို့နယ်အပါအဝင် မြောက်ပိုင်းမြို့နယ်အများစုတွင် တိုက်ပွဲဖြစ်ပွားမှုရှိနေသော်လည်း ရမ်းဗြဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။

ဗီဒီယိုများ