ကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကိစ္စ ရခိုင်အစိုးရကို လုပ်ပိုင်ခွင့်ပေးရန် ဒု-သမ္မတကို တောင်းဆို

“ပို့တဲ့အခါ နေပြည်တော်ကို သွားရတော့ အနည်းဆုံး တစ်လလောက်ကြာပါတယ်။ အဲဒီ နွားတင်ပို့ခွင့် အကောင် ၁၀၀ လောက်ကို ခွင့်ပြုချက်တောင်းတာ။ သွားတာလာတာနဲ့။ စရိတ်တွေက သူ့ရဲ့အကျိုးအမြတ်နဲ့ ရင်းနှီးရတာတွေနဲ့ ဆိုရင် အခက်ခဲ့ရှိပါတယ်။ အဲဒါတွေကို ပြည်နယ်အစိုးရထံ ဖြေလျော့ပေးမယ်ဆိုရင် ဒေသခံစီးပွားရေးသမားတွေအတွက် အခွင့်လမ်းကောင်းတွေဖြစ်လာမှာပါ ”

By ခိုင်ရိုးလ 13 Oct 2018

ဓာတ်ပုံ - Chan Aye facebook

ခိုင်ရိုးလ၊ DMG

အောက်တိုဘာလ ၁၃၊စစ်တွေ

ရခိုင်ပြည်နယ်မှ ကျွဲ၊ နွားများတိရိစ္ဆာန်များကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ကိစ္စတွင် ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးရန် ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးအား ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က တင်ပြတောင်းဆိုလိုက်သည်။

ပြည်နယ်အတွင်းက ကျွဲ၊နွားများတင်ပို့ခြင်းကို နေပြည်တော်က ခွင့်ပြုမှသာလျှင် မောင်တောမြို့နယ် ကညင်ချောင်းစီးပွားရေးဇုန်က တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်ပို့နေရသည်။ ယင်းသို့ဆောင်ရွက်နေရမှုကြောင့်တပိုင်တနိုင်လုပ်ငန်းရှင်များမှာအကျိုးအမြတ်အခက်ခဲများရှိနေသည့်အတွက်  အဆိုပါ လုပ်ငန်းအား ပြည်နယ် အစိုးထံသို့  လွှဲပြောင်းပေးရန် အောက်တိုဘာလ ၁၂ ရက်နေ့က ဦးကျော်လွင်က တင်ပြခဲ့ခြင်း ဖြစ်သည်။

“ပို့တဲ့အခါ နေပြည်တော်ကို သွားရတော့ အနည်းဆုံး တစ်လလောက်ကြာပါတယ်။ အဲဒီ နွားတင်ပို့ခွင့် အကောင် ၁၀၀ လောက်ကို ခွင့်ပြုချက်တောင်းတာ။ သွားတာလာတာနဲ့။ စရိတ်တွေက သူ့ရဲ့အကျိုးအမြတ်နဲ့ ရင်းနှီးရတာတွေနဲ့ ဆိုရင် အခက်ခဲ့ရှိပါတယ်။ အဲဒါတွေကို ပြည်နယ်အစိုးရထံ ဖြေလျော့ပေးမယ်ဆိုရင် ဒေသခံစီးပွားရေးသမားတွေအတွက် အခွင့်လမ်းကောင်းတွေဖြစ်လာမှာပါ ” ဟု ၎င်းကဆိုသည်။

ယခုနှစ် ဇွန်လ မှစပြီး ယခုလအတွင်း မာန်အောင်မြို့ ကုမ္မဏီ နှစ်ခုက တရားဝင်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကျွဲနွားကောင်ရေ ၂၅၅ ကောင်နှင့် တင်ပို့နိုင်ခဲ့သည်။

လွန်ခဲ့သောနှစ်အတွင်းက မောင်တောဒေသကို ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ နယ်မြေမငြိမ်သက်မှုများဖြစ်ပွားခဲ့သောကြောင့်  နိုင်ငံခြားသို့ ကျွဲ၊နွားတင်ပို့နိုင်ခြင်းမရှိခဲ့ဟု ရခိုင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

ဗီဒီယိုများ